ပေါက်မြို့နယ် ကျွန်းတိုင်းရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် ကျွန်းတိုင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း အဖွဲ့တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကနေ နိုဝင်ဘာလ ၂၂ ရက် ဒီနေ့မနက်အထိ မီးရှို့နေတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းတိုင်းရွာဟာ အိမ်ခြေ ၂၄၀ ခန့်ရှိပြီး အခုမီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ပေါက်မြို့နယ် ဇီးပြားရွာမှာ အထိုင်ချနေတဲ့ အဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ကျန်နေတဲ့အိမ်တွေကို ဆက်လက်မီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီကောင်တွေမီးရှို့တာ ကြားရတဲ့သတင်းအရဆိုရင် ရွာလုံးကျွတ်လောက် ဖြစ်နေတယ်။ မနေ့က ကျန်နေတဲ့ရွာတွေ ထပ်ရှို့နေတယ်။ ပစ္စည်းတွေလည်း ကားတွေနဲ့သယ်တာ ဇီးပြားဘက်ကို"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကျွန်းတိုင်းရွာနားကို ရောက်လာတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေး အဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့လို့ အခုလို ရွာကိုမီးရှို့တာလို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ အပါအဝင် ဒေသခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ အဲဒီရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။
လက်ရှိ ကျွန်းတိုင်းရွာ အပါအဝင် အနီးပတ်ဝန်းကျင်က ဂွေးကုန်းရွာနဲ့ စသိန်းရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ လ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်၊ အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး အဲဒီထဲမှာ မကွေးတိုင်းက ၈,၈၆၆ လုံး ပါဝင်ပါတယ်။