လိုင်ဇာအနီးက AA တပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ AA အရာရှိတစ်ဦးသေဆုံး
2023.09.29
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ AA ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ ရဲဘော်တချို့လည်းရှိတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
လိုင်ဇာမြို့နဲ့ လေးမိုင်ဝန်းကျင်လောက်ဝေးတဲ့ စစ်ကောင်စီတပ် အခြေစိုက်ရာ ခယာတောင်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ AA တပ်စခန်းတစ်ခုဖြစ်တဲ့ မုန်လိုင်ခက် စခန်းကို ပစ်ခတ်ခဲ့တာလို့ ဦးခိုင်သုခက ပြောပါတယ်။
“မနေ့ကမနက် ၁၀ နာရီလောက်မှာ မြန်မာစစ်တပ်အခြေပြုထားတဲ့ ခယာတောင်ကြော ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်ဗျ။ ရက္ခိုင့်တပ်တော်ရဲ့ မုန်လိုင်ခက် စခန်းတွင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် ရဲဘော်တွေ ဒဏ်ရာရတာရှိတယ်။ အဲဒီမှာ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးတစ်ယောက်က ညနေ ၄ နာရီလောက်မှာ ဆုံးသွားတာရှိတယ်”
လက်နက်ကြီးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေကြောင့် အဲဒီအနီးဝန်းကျင်မှာ နေထိုင်တဲ့ နှလုံးရောဂါအခံရှိသူ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးလည်း နှလုံးရပ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA ဌာနချုပ်အနီး မြစ်ကြီးနား- ဗန်းမော်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေမှာ KIA ဘက်ကနေ AA ကလည်း ဝင်ရောက်တိုက်ခိုက်တာတွေ ရှိတယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာလ ၂၈ ရက် မနေ့က တစ်ရက်တည်းမှာပဲ KIA တပ်စခန်းနေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို KIA ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။