ကန့်ဘလူမှာ မြေမြှုပ်မိုင်းကြောင့် ရှစ်တန်းကျောင်းသား သေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.02.26
ကန့်ဘလူမှာ မြေမြှုပ်မိုင်းကြောင့် ရှစ်တန်းကျောင်းသား သေဆုံး၊ နှစ်ဦးဒဏ်ရာရ ကန့်ဘလူမြို့နယ် သင်ပေါင်းကျင်းရွာအား တွေ့ရစဉ်။
သင်ပေါင်းကျင်းရွာ ကန့်ဘလူမြို့နယ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သင်ပေါင်းကျင်းရွာမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၄ နာရီ ဝန်းကျင်က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရှစ်တန်းကျောင်းသား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှစ်တန်းကျောင်းသား မောင်ဖြိုးဝေအောင်က မိုင်းထိတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး သူ့ရဲ့ညီဖြစ်သူ လေးတန်း ကျောင်းသား မောင်တုတ်ပေါကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲနွားကျောင်းသွားချိန် မိုင်းထိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲနွားကျောင်းသွားကြတာ မိုင်းထိပြီး တစ်ယောက်က ချက်ချင်းဆုံးသွားတယ်။ လေးတန်းတက်နေတဲ့ ကလေးတစ်ယောက်ကတော့ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတယ်။ နောက်တစ်ယောက် ရှစ်တန်းကျောင်းသားပဲ သူကတော့ ဒဏ်ရာ မပြင်းထန်ဘူး”

နောက်ထပ်ရှစ်တန်းကျောင်းသား မောင်ပိုင်ပိုင်စိုးကတော့ ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အဲဒီမိုင်းကို ဘယ်အဖွဲ့က ထောင်ခဲ့သလဲဆိုတာတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လကုန်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။