တနင်္သာရီနဲ့ ဖြူးမှာ မြေမြှုပ်မိုင်းကြောင့် သုံးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
2024.12.02
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တို့မှာ ဒီရက်ပိုင်း မြေမြှုပ်မိုင်းနင်းမိလို့ ကလေးနှစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့က ထားဝယ်မြို့နယ်၊ ကနိုင်းရွာမှာ ၁၄ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ငါးဖမ်းထွက်စဉ် ချောင်းအနီး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက RFA ကို ပြောါပတယ်။
"အဲဒီကောင်လေးက သူအားတဲ့အချိန် သူအလုပ်လုပ်တဲ့ ခြံနံဘေးမှာရှိတဲ့ ရေး-ထား၀ယ် ရန်ကုန်သွားတဲ့ ရထားလမ်းဘေးမှာရှိတဲ့ ချောင်းနံဘေးမှာ ငါးသွားမျှားရင်းနဲ့ မိုင်းနင်းမိသွားတာ။ အရင်ဆုံးတစ်လုံး နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားတာ။ ခြေတစ်ဖက်ပြတ်ပြီး အဲဒီဒဏ်ရာနဲ့ ချောင်းကိုပြန်တက်လာတဲ့အခါ နောက်တစ်လုံး ထပ်နင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားတယ်။ အဲဒီဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်"
နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာက အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦး ကွမ်းသီးခြံထဲ လုပ်ငန်းခွင်ဝင်နေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးပြီး ပြန်ထွက်ချိန်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့လေ့ရှိပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစလို့ ပုလော၊ ထား၀ယ်၊ သရက်ချောင်းနဲ့ တနင်္သာရီမြို့နယ်တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ပေါက်ဇလုပ်ရွာက မိသားစု သုံးဦးကတော့ ဖြူးမြို့ကို ဈေးဝယ်ထွက်လာချိန် စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းပြီး အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်းနောင်နဲ့ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မအေးမြတ်ငြိမ်းတို့ သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မနုနုဝင်းကတော့ ဖြူးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာမှာ မြန်မာနိုင်ငံက အရေအတွက် အများဆုံးဖြစ်တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။