ရပ်စောက်မှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

RFA Burmese
2024.06.26
ရပ်စောက်မှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဆတ်သေရွာတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့သည့် လူငယ်တစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်က တွေ့ရစဥ်။
Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ဆတ်သေရွာက လူငယ်ခြောက်ဦး ဇွန်လ ၂၄ ရက်က ဘောလုံးကစားပြီး ပြန်လာတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိလို့ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် ခွန်မောင်ရွှေ၊ အသက် ၁၉ နှစ်အရွယ် ခွန်ပန်းအောင်တို့ နှစ်ဦးသေဆုံးခဲ့တာပါ။

အသက် ၁၇ နှစ်အရွယ် ခွန်မျိုး၊ ခွန်လမင်းနဲ့ အသက် ၁၈ နှစ်အရွယ် ခွန်ဝင်းကျော်တို့ သုံးဦးက ဒဏ်ရာပြင်းထန်လို့ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးကုမှု ခံနေရပါတယ်။ နောက်တစ်ဦးကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

တံတားပေါ်မှာထောင်ထားတဲ့ မိုင်းနှစ်လုံးပေါက်ကွဲခဲ့တာလို့ ဒီဖြစ်စဥ်ကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်စောက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီလူငယ်တွေက ပင်လုံက လူငယ်တွေနဲ့ သူတို့ ဘောလုံးချိန်းကန်နေကျပဲ။ အခုက ပင်လုံရွာမှာ သွားကန်တာပေါ့။ အဲဒီမှာ ပင်လုံတောင်ဘက်က တံတားအဖြတ် ဘေးဘယ်ညာထောင်ထားတဲ့ လက်လုပ်မိုင်းတွေ နင်းမိပြီး ပေါက်ကွဲတာပေါ့။ ဆိုင်ကယ်သုံးစီးနဲ့အဖြတ်မှာ ကွဲတာပဲ။ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်”

သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဇွန် ၂၆ ရက် နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းကြောင့် တောင်ယာလုပ်ကိုင်သွားလာနေရတဲ့ ဒေသခံအများစု စိုးရိမ်နေပြီး ဒီဝန်းကျင်တစ်ဝိုက်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က စစ်ရေးလှုပ်ရှားနေတာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံကတော့ ဒီဒေသတွေမှာ သူတို့တပ်တွေ တပ်စွဲတာမရှိဘဲ ဖြစ်သွားဖြတ်လာပဲရှိတဲ့အတွက် သူတို့တပ်ဖွဲ့က မိုင်းထောင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က အဲဒီဒေသတစ်ခွင်မှာ တပ်စွဲထားတာ မရှိဘူးခင်ဗျ။ လှုပ်ရှားတာပဲရှိတယ်ဆိုတော့ ဒါဖြစ်နိုင်ခြေ နည်းတာပေါ့နော်။ အများအားဖြင့်တော့ ရွာနားမှာတပ်စွဲတဲ့ဟာတွေ နောက် တပ်ထဲ အဝင်အထွက်ရှိတဲ့အဖွဲ့တွေလောက်ပဲ ဆိုင်တာပေါ့။ ကျွန်တော်တို့ကျတော့ အဲဒီဘက်မှာ တပ်စွဲတာလည်းမရှိဘူး။ နောက် စစ်ရေးလှုပ်ရှားတယ်ဆိုရင်လည်း ရွာတွေ၊ ပြည်သူတွေ ထိခိုက်စေတာမျိုး လုပ်ထားတာလည်း မရှိဘူး။ အများအားဖြင့်တော့ ဖြတ်သွားဖြတ်လာပဲရှိတယ်”

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။