ကျိန္တလီမြို့မှာ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေ
2024.07.24
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဇူလိုင်လ ၂၄ ရက် ဒီကနေ့ နေ့လယ်က တောထဲ တညင်းသီး သွားခူးတဲ့ ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုပေါက်ကျိုင်းဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျိန္တလီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့နှစ်ယောက်က တောထဲကို တညင်းသီးသွားခူးတာပါ။ အပြန်မှာ မိုင်းနင်းမိတာပေါ့။ တစ်ယောက်ကတော့ ခြေထောက်နှစ်ဖက်ပြတ်ပြီး သေသွားတယ်။ နောက်တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ အဲဒီ နေရာတွေမှာ စစ်တပ်က မိုင်းထောင်ထားတာပါ။ အဲဒီနေရာတွေကို မသွားဖို့ကိုလည်း စစ်တပ်က ဒေသခံတွေကို သတိပေး ထားတယ်”
သေဆုံးသူကို အရပ်ဘက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ဒီကနေ့မှာ သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။ အဲဒီနေရာကို စစ်ကောင်စီတပ်က မသွားဖို့ သတိပေးထားပေမဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲကြောင့် အသက်စွန့် ပြီး သွားလာကြတာလို့လည်း သူက ပြောပါတယ်။
ကျိန္တလီမြို့က ဒေသခံအများစုဟာ ငါးဖမ်းလုပ်ငန်းကိုပဲ အဓိက အမှီပြုကြပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ငါးဖမ်းခွင့် ပိတ်လိုက်တာကြောင့် ပိုပြီး အခက်အခဲ ဖြစ်လာကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမဲ့ AA တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်ဟာ မြို့အနီးဝန်းကျင်မှာ မိုင်းထောင်ထားတာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့က လည်း ဒေသခံတစ်ဦး မိုင်းနင်းမိလို့ သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။