ပဲခူးနဲ့ ရခိုင်မှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ပြင်းထန်ဒဏ်ရာရ
2024.03.14
ပဲခူးတိုင်း ဝေါမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြေပုံမြို့နယ်တွေမှာ မတ်လ ၁၃ မနေ့တစ်ရက်တည်းမှာ မြေမြှုပ်မိုင်းကြောင့် ကလေးနှစ်ဦး အပါအဝင် အရပ်သားလေးဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ် လက်ပန်ရွာအနီး စစ်တောင်းမြစ်သောင်ပြင်မှာ မတ်လ ၁၃ ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းကြောင့် အသက်ငါးနှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး နောက်ထပ်ကလေးတစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အုတ်ဖို (၁) ကျေးရွာက ကလေးနှစ်ယောက် ရွာအလှူကိုလာတဲ့အချိန် သောင်ပြင်မှာ သွားဆော့ရင်း ဖြစ်သွားတာပါ”
အဲဒီမိုင်းဟာ လက်ပန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်တွေကို ဟန့်တားဖို့ သောင်ပြင်မှာ ထောင်ထားတာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒဏ်ရာရတဲ့ကလေးငယ်နှစ်ဦးဟာ လက်ရှိ ပဲခူးဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာလည်း မတ်လ ၁၃ ရက် မနေ့က မြေမြှုပ်မိုင်းကြောင့် ဒေသခံနှစ်ဦး ခြေထောက်ပြတ်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြပါတယ်။
မြေမြှုပ်မိုင်းနင်းမိသူနှစ်ဦးဟာ မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာက အသက် (၁၈) နှစ်အရွယ် မခိုင်စိုးအေးနဲ့ မြေပုံမြို့ ကံသာထွက်ဝရပ်ကွက်က အသက်(၅၇)နှစ်အရွယ် ဦးမောင်သိန်းတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကျေးရွာအနီးဝန်းကျင်ကို ထင်းရှာရန်သွားစဥ်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲက မခိုင်စိုးအေးဟာ မနေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ မိခင်ဖြစ်သူနဲ့အတူ ရွာပြင်ဘက် တစ်နေရာမှာ ထင်းရှာနေစဥ် မိုင်းနင်းမိခဲ့တာဖြစ်ပြီး ဘယ်ဘက်ခြေမျက်စိအောက် ပြတ်ထွက်ဒဏ်ရာနဲ့ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။
မြေပုံမြို့က ဦးမောင်သိန်း ကတော့ မြေမြှုပ်မိုင်းကြောင့် ယာဘက်ခြေထောက်ပြတ်ထွက်သွားပြီး မြေပုံမြို့က ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထင်းရှာသွားတဲ့အချိန်မှာ မိုင်းနင်းကြတာ။ ခြေထောက်တစ်ဖက်တော့ တစ်ပိုင်းပြတ်သွားတယ်။ လူကတော့ မသေဘူး။ မင်းပြားမြို့နယ်မှာ မိုင်းကလည်း မရှင်းရသေးဘူး။ ရွာပြင်က တာဝါတိုင်ရှိတဲ့ တောင်ကုန်းကို ထင်းသွားရှာတဲ့အချိန်ဖြစ်တာလို့ သိရတယ်”
ဒေသခံတွေရဲ့ ပြောဆိုချက်အရ သူတို့နှစ်ဦး နင်းမိခဲ့တဲ့ မြေမြှုပ်မိုင်းဟာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့ မိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးနဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) က မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ကျော်ထဲက ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။