လာအိုမှာ အထောက်အထားမဲ့ မြန်မာတွေကို CI ထုတ်ပေးဖို့ စစ်ကောင်စီ စီစဉ်နေ

RFA Burmese
2025.01.14
လာအိုမှာ အထောက်အထားမဲ့ မြန်မာတွေကို CI ထုတ်ပေးဖို့ စစ်ကောင်စီ စီစဉ်နေ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

လာအိုနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်အလုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းခန့်ရှိပြီး တရားဝင်ဖြစ်အောင် လုပ်ဖို့ စီစဉ်နေကြောင်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သူတို့ကို CI လို့ခေါ်တဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်နဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်ခွင့် သက်သေခံကတ် (OWIC) ထုတ်ပေးဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်အလုပ်သမားတွေကို အထောက်အထားထုတ်ပေးဖို့နဲ့ ရွှေ့ပြောင်းသွားလာမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းက ပြောဆိုမှုတွေရှိခဲ့ပြီးနောက် အခုလို စီစဉ်လာတာပါ။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Mr. Bounphieng CHANTHAVONG တို့ နေပြည်တော်မှာ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး လာအိုနိုင်ငံနဲ့ အလုပ်သမားရေးရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီက ဖော်ပြပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတာနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် လူငယ်တွေဟာ ထိုင်း၊ မလေးရှားနိုင်ငံ တွေကို သွားကြသလို လာအိုနိုင်ငံကိုလည်း တရားမဝင် အလုပ်သမားအဖြစ်နဲ့ သွားရောက်ကြသူတွေ ရှိနေတယ် လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လာအိုရောက် မြန်မာအလုပ်သမားတစ်ဦးကတော့ စစ်ကောင်စီဟာ အထောက်အထားမဲ့ မြန်မာတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးပြီး အခွန်အခတွေ ကောက်ဖို့ စီစဉ်နေတာလို့ RFA ကို ပြောပါတယ်။

“တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ရရင် မြန်မာဘက်ကို လုပ်ခလစာငွေပြန်လွှဲရမဲ့ အခြေအနေက စစ်ကောင်စီ သတ်မှတ်ချက်အတိုင်း ပြန်လွှဲရတော့မှာပေါ့။ အဲဒီအပေါ်မှာ အခွန်ကောက်တော့မှာ။ အခုအချိန်အထိတော့ CI နဲ့ OWIC နဲ့ ပတ်သက်လို့ လာအိုဘက်အခြမ်းမှာတော့ ဘယ်လို လုပ်မယ်ဆိုတာ မသိရသေးဘူး"

မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ လာအိုအစိုးရတို့ကြား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီ နားလည်မှုစာချွန်လွှာထဲမှာ အလုပ်သမားကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။