တိုက်ပွဲကြောင့် လားရှိုးလေဆိပ် အကန့်အသတ်မရှိ ပိတ်
2024.07.03
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လားရှိုးလေဆိပ်ကို ဇွန်လ ၃ ရက်နေ့ကစပြီး လေယာဉ်ခရီးစဉ်ပြေးဆွဲတာတွေ ရက်အကန့်အသတ်မရှိရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် လားရှိုးလေတပ်နဲ့ ကပ်ရပ်ရှိတဲ့ လေဆိပ်ကိုလည်း ပိတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေဆိပ် ပိတ်လိုက်တယ်။ အေဂျင်စီတွေ ဖုန်းဆက်လာမှ သိရတာ။ ဒီနေ့ ကျွန်တော့် မိတ်ဆွေတစ်ယောက် မန္တလေးဆင်းဖို့ လုပ်ထားတာ။ အဲဒါ ဆင်းလို့မရတော့ဘူး။ အေဂျင်စီတွေက လက်မှတ်ဖိုး ပြန်အမ်းမယ်လို့ ပြောတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲတော့ လေယာဉ်လက်မှတ် ရောင်းတဲ့သူတွေလည်း မသိဘူး။ အကန့်အသတ်မရှိ ပိတ်လိုက်တဲ့သဘော”
လာရှိုးလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်တဲ့အကြောင်း ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတချို့ကလည်း လူမှုကွန်ရက်ကနေ ကြေညာပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က မြို့ထဲနဲ့ မြို့အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူတွေထံ RFA ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအကြိမ်တုန်းကလည်း လာရှိုးလေဆိပ်ကို လေးလကျော် ပိတ်ထားရပြီး အခုက ဒုတိယအကြိမ် ထပ်ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။