ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရလို့ လားရှိုး နည်းပညာအထက်တန်းကျောင်း ထိခိုက်ပျက်စီး
2023.05.22

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မေလ ၂၂ ရက်နေ့ ဒီနေ့ မနက် ၁ နာရီကျော်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် လားရှိုးမြို့အထွက်က နည်းပညာအထက်တန်းကျောင်း မျက်နှာကျက်တွေ ပျက်စီးခဲ့သလို အနီးအနားက နေအိမ်အချို့လက်နက် ထိမှန် ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညအိပ်နေတုန်း မိုးကြိုးပစ်သလိုပဲ ဆက်တိုက်ပေါက်ကွဲတဲ့ အသံကြားရတာ။ ငါးချက်လောက်အထိ ကြားရတယ်။ အိပ်နေတဲ့သူတွေတောင် နိုးတယ်။ ထိတာက နည်းပညာ ကျောင်းအဆောင်ထိတယ်။ ဘေးနားကအိမ်တွေ အမိုးတွေ နည်းနည်းပါးပါး ထိတာပေါ့။ ပစ်တာကတော့ အဲနားက တပ်ကို ပစ်တာနေမှာပေါ့လေ။ ကျတာကတော့ လူနေရပ်ကွက်တွေထဲ ကျတာပေါ့။ တော်သေးတယ်။ လူတွေ ကြီးကြီးမားမား ထိခိုက်တာမျိုးမရှိတာ”
ပစ်ခတ်ခံရတဲ့ နည်းပညာအထက်တန်းကျောင်းနဲ့ အနီးအနားက ကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီရဲ့ ဝန်တင်ထောက်ပို့တပ်ရင်းနဲ့ တခြားတပ်တွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၈ နာရီလောက်မှာတော့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ အခြေအနေအပေါ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
လားရှိုးမြို့နယ်ဟာ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ MNDAA ကိုးကန့် တပ်ဖွဲ့၊ ရှမ်းပြည်တိုး တက်ရေးပါတီ SSPP တပ်ဖွဲ့တွေ အဓိက လှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။
အခုလ ၂၁ ရက်မနေ့က ညနေပိုင်း ၄ နာရီမှာတော့ လားရှိုးမြို့နယ်အတွင်းက ပန်မွန်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ စကခ(၁) လက်အောက်ခံ ခမရ - ၅၀၄ တပ်နဲ့ တအာင်း အမျိုးသား လွတ်မြာက်ရေးတပ်မတော် TNLA တပ်ဖွဲ့တို့ကြား နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က မနေ့က ထုတ်ပြန်ထားပါတယ်။