လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီး တိုက်ပွဲဖြစ်နေ

RFA Burmese
2024.07.30
လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီး တိုက်ပွဲဖြစ်နေ MNDAA တပ်ဖွဲ့ဝင်အချို့အား လားရှိုးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ - ၄၁ တပ်ရှေ့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Telegram/ 3 Brotherhood Alliance (AA+MNDAA+TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးနဲ့ အမှတ် (၉) ရပ်ကွက်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဇူလိုင်လ ၃၀ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် (၉) ရပ်ကွက်အတွင်းက စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်း၊ အမှတ် (၄၂၄) စစ်လက်နက် တပ်ခွဲ၊ ဘူတာရုံ၊ ဂေါက်ကွင်း စတဲ့နေရာတွေကို MNDAA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နဲ့ ထပရ (၆၂၆) နေရာတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက တိုင်းစစ်ဌာနချုပ်နေရာနဲ့ ထောက်ပို့ တပ်နားတွေမှာလည်း ဆက်ဖြစ်နေတယ်။ မနေ့ည နေပိုင်းကလည်း မြို့ထဲကနေ တင့်ကားတွေ တိုင်းစစ်ဌာချုပ်ဘက်ကို အများကြီး ထွက်သွားတာတွေ့ရတယ်၊ ကိုးကန့် အလံတွေ ထောင်ပြီးသွားတာ”

တိုက်ပွဲဖြစ်နေတဲ့ အမှတ် (၉) ရပ်ကွက်နဲ့ အမှတ် (၁၀) ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ထိမှန်လို့ နေအိမ်တချို့ ပျက်စီးမှုတွေ ရှိနေပြီး မြို့ခံတွေကို MNDAA တပ်ဖွဲ့က ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်အထိ မြို့ခံတွေ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်မြို့တွေဘက်ကို ထပ်ပြီး ထွက်ပြေးနေကြရပြီး လက်ရှိ မြို့အတွင်းမှာ လူဦးရေ တစ်သောင်းနီးပါး ကျန်နေသေးတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာလာတာ မရှိသေးပါဘူး။

MNDAA က လားရှိုးမြို့ရဲ့ နေရာအများစုကို သိမ်းပိုက်ထားနိုင်ကြောင်း ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်ခံရတာ မရှိသေးကြောင်း တုံ့ပြန် ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။