လားရှိုးမြို့ ဗုံးပေါက်ကွဲမှု တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရ
2023.09.20

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ Hotel CS ရှေ့မှာ စက်တင်ဘာ ၁၉ ရက် မနေ့ ညနေ ၅ နာရီလောက်က ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ ဗုံးပေါက်ကွဲချိန် ဖြတ်သန်းသွားလာသူ အမျိုးသားတစ်ဦး ဖြစ်ပြီး၊ ဒဏ်ရာရသူတွေကတော့ ဟော်တယ်ဝန်ထမ်းတစ်ဦး အပါအဝင် အနီးအနားမှာ ရှိနေသူတွေ ဖြစ်ပါတယ်။
မနေ့က ပေါက်ကွဲမှုကြောင့် အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။
“ဟိုတယ်အရှေ့မှာ ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတဲ့ ပုံစံမျိုးပေါ့။ ဆိုင်ကယ်ကနေ ကွဲသွားတာ။ ကွဲတဲ့အချိန်က လမ်းမှာ သွားလာနေတဲ့သူတွေ ရှိတယ်လေ။ နောင်မွန်ရွာက လူငယ်ပိုင်း ကောင်လေးတစ်ယောက်တော့ သေသွားတယ်”
ပေါက်ကွဲမှုကြောင့် ဟိုတယ်ဝန်ထမ်းတစ်ဦး အပါအဝင် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး ဝမ်းဗိုက်နဲ့ ခြေ၊ လက်တွေမှာ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိုင်ကယ်နဲ့ ကား အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒါ ဘယ်သူ့လက်ချက်ဆိုတာကို ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။
ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လားရှိုးမှာ ဟိုတယ်၊ ရွှေဆိုင်နဲ့ စက်သုံးဆီ အရောင်းဆိုင်တွေ အနီးမှာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ကလည်း လားရှိုး မြို့မဈေးကြီးမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး၊ နောက်ထပ် ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ ဒေသအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ဆက်ကြေးကောက်တဲ့ ကိစ္စတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မြို့ခံတွေက ပြောနေပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ လားရှိုးမြို့နယ်အတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ တွေ အဓိကလှုပ်ရှားနေပါတယ်။ အဲဒီသုံးဖွဲ့ထဲက TNLA၊ MNDAA နဲ့ စစ်ကောင်စီတပ်ဖွဲ့ ကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။