လားရှိုးမြို့နယ် နမ့်ပေါင်ရွာ ဗုံးကြဲခံရလို့ ငါးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
2024.09.14
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နန့်ပေါင်ရွာကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ငါးဦးသေဆုံးပြီး နောက်ထပ် ရှစ်ဦး ဒဏ်ရာရသွားတယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။
မနေ့ကည ၇ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ရှစ်ဦးထဲမှာ သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ MNDAA က ပြောပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးရေ ၁၃ လုံးအထိ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုရဲစခန်းဝင်းနဲ့ လူနေရပ်ကွက်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ ခရီးစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာပါ။
စက်တင်ဘာ ၉ ရက်နေ့ကလည်း လားရှိုးမြို့နယ်အတွင်းက ရပ်ကွက် (၁) မှာရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဗျူဟာလမ်းတို့ကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုင်ငံရေး အကျဉ်းသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ငါးရာဗုံး ကြဲချခဲ့လို့ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာတာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့အထိ အချိန်နှစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၁ ဦး သေဆုံးပြီး ၂၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ TPCC က ထုတ်ပြန်ထားပါတယ်။