လားရှိုးမှာ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကိုးကန့်တပ်က စာရင်းကောက်
2024.08.12
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့အတွက် ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက ကိုးကန့်တပ်မတော် (MNDAA) က စာရင်းကောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ ရပ်ကွက်အလိုက် စာရင်းကောက်ယူနေဆဲ ဖြစ်တာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော့် ညီမဆိုလည်း စည်ပင်ကပဲ CDM ဝင်ထားတာ ကြာပြီပေါ့။ နာမည်၊ အသက်၊ CDM ဝင်ထားတဲ့ ဌာန ကို မေးသွားတယ်။ အခုလုပ်ငန်းခွင် ပြန်ဝင်ရမယ်ဆိုရင်ရော အဆင်ပြေမလား။ လုပ်နိုင်လားပေါ့ အဲဒီလိုတော့ မေးသွားတယ်"
ဒါ့အပြင် ကိုးကန့်တပ်မတော် (MNDAA) သိမ်းယူထားတဲ့ လားရှိုးမြို့မှာ ပြည်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ပြန်လည်တည်ဆောက်နေပြီလို့ သူက ပြောပါတယ်။
အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ခဲ့တဲ့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုလည်း ပြန်လည်ဆက်သွယ်ကာ အုပ်ချုပ်ရေးတာဝန်တွေ ပေးနေတယ်လို ဒေသခံတွေက ပြောပါတယ်။
လတ်တလော တိုက်ပွဲတွေ မရှိတော့တဲ့ လားရှိုးမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေနဲ့ အဆောက်အအုံ အပျက်အစီးတွေကို MNDAA နဲ့ လားရှိုးထောင်က အမျိုးသား အကျဉ်းသားတွေ က သန့်ရှင်းရေးလုပ်နေကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး တိတိကျကျ သိရဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းနဲ့ ပြင်ပဆက်ဆံရေးဌာနမှူး ဗိုလ်မှုးချုပ်ဖုန်းဝင်းနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိပါတယ်။