လားရှိုးက လုပ်ငန်းရှင်တချို့ကို MNDAA ခေါ်ယူစစ်ဆေး

RFA Burmese
2024.11.07
လားရှိုးက လုပ်ငန်းရှင်တချို့ကို MNDAA ခေါ်ယူစစ်ဆေး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စီးပွားရေးလုပ်ငန်းရှင်တချို့ကို ကိုးကန့်တပ်မတော် (MNDAA) က ခေါ်ယူစစ်ဆေးနေတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောပါတယ်။

လုပ်ငန်းရှင် သုံးဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရတာဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခေါ်ယူစစ်ဆေးနေတာ တစ်ပတ်ခန့်ကြာမြင့်နေပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော့်မိတ်ဆွေဆိုရင် အခုလဆန်းပိုင်းက ခေါ်သွားတာ တစ်ပတ်လောက်ရှိပြီ။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ဖုန်းတွေကို စစ်နေတယ် အပြစ်မရှိရင် လွှတ်ပေးမယ်ဆိုတာပဲ သိရတယ်။ သူက အလုပ်များတဲ့ သူဆိုတော့ ဖုန်းလိုင်းရတဲ့နေရာမှာ ခဏခဏဖုန်း ပြောရတာရှိတယ် ဒါကို သံသယဖြစ်တာလား မသိပါဘူးဗျာ”

ခေါ်ယူစစ်ဆေးခံနေရတဲ့ လုပ်ငန်းရှင်တွေနဲ့ အမည်နဲ့ အချက်အလက် အသေးစိတ်ကိုတော့ သူက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတာကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး မြို့အတွင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို MNDAA က ဖြတ်တောက်ထားပါတယ်။

မိသားစုကိစ္စ၊ အလုပ်ကိစ္စအတွက် ပြောဆိုဆက်သွယ်လိုတဲ့ မြို့ခံတွေအနေနဲ့ မြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ရွာတွေအထိ သွားရောက် ဖုန်းပြောကြရတာပါ။ ဒီလိုဖုန်းပြောတဲ့ သူတွေထဲက စစ်ကောင်စီသတင်းပေးလို့ မသင်္ကာတဲ့သူတွေကိုလည်း MNDAA က ခေါ်ယူစစ်ဆေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

RFA ရဲ့ စာရင်းတွေအရ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ဩဂုတ်လ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်လေးဆယ်ကျော် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ ခြောက်ဆယ်ကျော် ရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းပေးသူလို့ ယူဆရသူ လူနှစ်ဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း MNDAA က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။