လားရှိုးမြို့ အဝင်အထွက်ကို စစ်ကောင်စီတပ် ပိုတင်းကျပ်
2024.11.15
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို သွားရောက်မဲ့ ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး မိုင်းရယ်မြို့အထွက်ကနေ စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့နဲ့ မိုင်လေးဆယ်ကျော်အကွာမှာရှိတဲ့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအထွက် တန့်ယန်းလမ်းခွဲ နေရာအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားပြီး ကိုးကန့်တပ်မတော် (MNDAA ) တပ်ဖွဲ့နဲ့ စစ်ရေးတင်းမာနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုင်းရယ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ်က အရှေ့တိုးလာပြီးတော့ တန့်ယန်းလမ်းခွဲအထိ ရောက်လာပြီ။ ကိုးကန့်တွေနဲ့တောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့တောင် မြင်နေရတယ်။ စစ်တပ်က အခုလားရှိုးကို အဝင်အထွက် မပေးတော့ဘူး။ ရှောင်ကွင်း လမ်းတွေလည်း ပိတ်ထားတယ်။ ပစ္စည်းလည်း ပေးမသယ်တော့ဘူး။ တိုက်ပွဲပြန် ဖြစ်မလားလို့ စိတ်ပူနေရတယ်”
မိုင်းရယ်မြို့ပေါ်မှာ လားရှိုးမြို့ကိုသွားမဲ့ ခရီးသည်ကားတချို့ ပိတ်မိနေပေမဲ့ လုံခြုံရေးအခြေအနေကြောင့် အရေအတွက်အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မိုင်းရယ်မြို့နယ်အဝင်က ဟိုယကျေးရွာအထိ MNDAA တပ်ဖွဲ့က ထိန်းချုပ် ထားပြီး စစ်ကောင်စီက မိုင်းရယ်မြို့ပေါ်ကို ထိန်းချုပ်ထားတာပါ။
စစ်ကောင်စီအနေနဲ့ လားရှိုးအပါအဝင် ရှမ်းပြည်မြောက်ပိုင်းကမြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ မိုင်းရယ်မြို့နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာကနေ စစ်အင်အားတွေ ဖြည့်တင်းနေတာ တစ်လနီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း လားရှိုးအပါအဝင် ရှမ်းပြည်မြောက်ပိုင်းကိုသွားမဲ့ ခရီးသည်နဲ့ ကုန်တင်ကားတွေကို ရပ်စောက်(ဗထူး) မြို့အထွက်ကနေစပြီး စစ်ကောင်စီတပ်က ပိတ်ထားပါတယ်။
ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းမှာလည်း အောက်တိုဘာလ ၂၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ကနေ ခရီးသည်နဲ့ ကုန်စည် သယ်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ဖြတ်တောက်ခဲ့ပါတယ်။