လားရှိုးမြို့ကို UWSA “ဝ” တပ်ဖွဲ့ ဝင်ရောက်တပ်စွဲ

RFA Burmese
2024.07.28
လားရှိုးမြို့ကို UWSA “ဝ” တပ်ဖွဲ့ ဝင်ရောက်တပ်စွဲ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) “ဝ” တပ်ဖွဲ့ဝင်တချို့အား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲကို ဇူလိုင်လ ၂၇ ရက်နေ့မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) “ဝ” တပ်ဖွဲ့က ဝင်ရောက်တပ်စွဲလိုက်ပါတယ်။

လားရှိုးမြို့က တိုင်းရင်းသားပေါင်းစုံရဲ့ လိုလားချက်၊ လားရှိုးမြို့အတွင်းမှာရှိတဲ့ "၀" တပ်ဖွဲ့ပြင်ပဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် မြို့အတွင်းကို ဝင်ရောက်ခဲ့တာလို့ "၀" တပ်ဖွဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

“မြို့ထဲကို မဝင်ခင်ကတည်းက လက်ရှိတိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်အဖွဲ့တွေကို တရားဝင်အသိပေးပြီးမှ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လားရှိုးမြိုထဲမှာ တပ်စွဲထားတဲ့ ကျွန်တော်တို့ "၀" တပ်ဖွဲ့အနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဘယ်အဖွဲ့ကိုမှ ဝင်ရောက်စွက်ဖက်တာ ပူးပေါင်းပံ့ပိုးတာတွေ လုပ်မှာမဟုတ်ပါဘူး။ လားရှိုးအပါအဝင် တစ်နိုင်ငံလုံးငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ကို ကျွန်တော်တို့ "၀" တပ်ဖွဲ့က မျှော်လင့်ပါတယ်”

MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို တစ်လနီးပါးကြာအောင် ထိုးစစ်ဆင်ခဲ့ပြီး မြို့တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အချိန်မှာ “၀” တပ်ဖွဲ့ လားရှိုးမြို့ထဲ ဝင်ရောက်လာခဲ့တာပါ။

လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း လားရှိုးမြို့နဲ့ မိုင် ၇၀ ဝန်းကျင်ဝေးတဲ့ တန့်ယန်းမြို့ အပါအဝင် လားရှိုးမြို့နဲ့ မိုင်းရယ်မြို့ အစပ်ကနေရာတွေမှာ ဝတပ်ဖွဲ့က လာရာက်တပ်စွဲထားခဲ့ပါတယ်။

ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာတော့ လားရှိုးမြို့ပေါ် ရပ်ကွက်တချို့ အပါအဝင် ဘူတာရုံဘက်အခြမ်း စစ်တိုင်းရုံးအနီးနဲ့ ထပရ-၆၂၆ တပ်ရင်းတွေရှိတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်၂၇ ရက်နေ့ကတည်းက လားရှိုးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း လောက်ကိုင်မြို့နဲ့ ကပ်ရက်ရှိတဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေကို "၀" တပ်ဖွဲ့က ဝင်ရောက်နေရာယူခဲ့ပြီး နောက်ပိုင်းမှာ “၀”တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်ကို ထည့်သွင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။