လက်ပံတန်းမြို့မှာ ရိုဟင်ဂျာ ၂၈ ဦးအဖမ်းခံရ
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လက်ပံတန်းမြို့ခံတွေက RFA ကိုပြောပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီကျော် လောက်က ရန်ကုန်-ပြည် ကားလမ်းမှာ ပြောင်းဖူးတင်တဲ့ ကားနှစ်စီးနဲ့ လိုက်ပါလာကြချိန် မိုင်တိုင် ၈၉/၆ အရောက်မှာ အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
အဖမ်းခံရသူတွေဟာ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းက တဆင့် ကားနဲ့ လိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၁၀ ဦးဖြစ်တယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အဲနေ့က ကားနှစ်စီးနဲ့ တင်ခေါ်လာတာ။ ဖြစ်ချင်တော့ ကားကပျက်သွားတာ။ ပြောင်းဖူးတွေက အပေါ်က သူတို့က အောက်ကပေါ့။ အဲအချိန်မှာ ကားပေါ်က အသံတွေကြားရတာ။ ရဲတစ်ယောက်က တွေ့ပြီး လဝကကို လူတွေ အကုန်ခေါ်ပြီး ဖမ်းလိုက်တာ။ ကားသမားကတော့ ကားထားပြီး ထွက်ပြေးသွားတယ်။ အမျိုးသားက ၁၈ ဦး၊ အမျိုးသမီးက ၁၀ ဦးပါတယ်။ အဲအထဲမှာ ကလေးတွေလည်း ပါတယ်လို့ သိထားရတယ်”
အဖမ်းဆီးခံရသူတွေကို လက်ပံတန်းမြို့ ရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားပြီး အမှုဖွင့်ထားတာ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ အမာမြို့ ဂယက်ကြီး ကျွန်းအနီး မျောလာတဲ့ စက်လှေတစ်စင်းပေါ်မှာ ရိုဟင်ဂျာခြောက်ဦးရဲ့ ရုပ်အလောင်းနဲ့ အတူ ရိုဟင်ဂျာ ၅၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ အရင်က ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် လူဦးရေရှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခဲ့ရပါတယ်။
ဒီစစ်ဆင်ရေးအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာရာနဲ့ချီ သေဆုံးခဲ့ပြီး ကျေးရွာအတော်များများ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒီကျူးလွန်မှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လက်ခံစစ်ဆေးနေပါတယ်။