အပစ်ရပ်ဆွေးနွေးပြီးနောက် လောက်ကိုင်မြို့နယ် မှာ တိုက်ပွဲတွေရပ်ဆိုင်း
2023.12.15
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ခဲ့တယ်လို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံဘက်က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ရုတ်တရက် ရပ်တန့်သွားတယ်လို့ လောက်ကိုင်မြို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက် လေးမျက်နှာ စေတီ ကုန်းမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းကစလို့ တိုက်ပွဲတွေ ရပ်ဆိုင်းသွားတာလို့ အဲဒီလောက်ကိုင်မြို့ခံက ပြောပါတယ်။
“တုန်ချိန်မှာဖြစ်ပြီး သူတို့ ဆွေးနွေးတယ်လို့ သတင်းထွက်တယ်လေနော်။ အဲဒီနောက် ပိုင်း လောက်ကိုင်မှာ တိုက်ပွဲမဖြစ်တော့တာ။ တစ်ပတ်လောက်တော့ ရှိပြီ၊ ပစ်သံတွေ မကြားရတော့တာ။ ဒီမှာက လူတွေလည်း သိပ်မရှိတော့ဘူး။ ကျန်နေတဲ့သူတွေ တောင် ပြန်ပို့မယ်လို့ သတင်းထွက်နေတာ။ တချို့လည်း ပြန်ဖို့ အထုပ်ပြင်ထားကြတယ်”
လမ်းပန်ဆက်သွယ်ရေးနဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ကြောင့် လောက်ကိုင်မှာ စားသောက်ကုန်တွေ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေနဲ့လည်း ကြုံနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဲဒီစခန်းဟာ လောက်ကိုင်မြို့ စစ်ကောင်စီ ဒေသကွပ်ကဲမှုစခန်းနဲ့ နှစ်မိုင်သာ ဝေးကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား ဆွေးနွေး မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး လောက်ကိုင်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေကို ကိုးကန့်တပ်ဖွဲ့ဘက်က ထပ်မံဖော်ပြတာ မတွေ့ရတော့သလို ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့လည်း သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးမှု ရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး အသေးစိတ်ကို ပြောဆိုတာမရှိသေးပါဘူး။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ကြား ယာယီအပစ်ရပ်ဖို့ သဘောတူထားတယ်လို့ ဒီဇင်ဘာလ ၁၄ ရက် မနေ့က ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ လျော့နည်းနေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က ဆိုပါတယ်။
ဒါပေမဲ့ ရှမ်းမြောက်ဒေသ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ နမ့်ခမ်းမြို့နယ်၊ နမ့်ဆန်မြို့ နယ်နဲ့ ကွတ်ခိုင်၊ လားရှိုးမြို့နယ်အတွင်းမှာတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းမြာက်ဒေသအရေး လေ့လာ စောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။
“အခုက ကြည့်ရသလောက် တိုက်ပွဲ ရပ်နေတာက လောက်ကိုင်နဲ့ ချင်းရွှေဟော် အဲဒီမှာပဲ တွေ့ တယ်။ ကျန်တဲ့နေရာတွေ ဖြစ်နေတာပဲ။ အခုရက်ပိုင်းဆို နမ့်ဆန်မှာ ဖြစ်နေတယ်။ နမ့်ခမ်းမှာလည်း ဖြစ်နေတယ်။ အဲဒီနေရာတွေက TNLA နဲ့ ဖြစ်နေတာ။ ကြည့်ရတဲ့ အနေအထားက လောက်ကိုင်ကိစ္စအတွက်ပဲ ကိုးကန့်နဲ့ညှိဖို့ ရပ်နေပုံရတယ်”
မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်ဒီနေ့အထိ ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်လုံမြို့တွေကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားပါတယ်။ နမ့်ခမ်း၊ သိန္နီ၊ နမ့်ဆန်၊ မန်တုံမြို့ပေါ်တွေကိုလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထိန်းချုပ်ထားပြီး အဲဒီမှာရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။