လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာ ဒေသခံခြောက်ဦး အသတ်ခံရ

RFA Burmese
2023.03.04
လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာ ဒေသခံခြောက်ဦး အသတ်ခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တစ်နေရာကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို မတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဝင်ရောက်ပြီးနောက် ဒေသခံအမျိုးသား ခြောက်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ - ထားဝယ် အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

မတ်လ ၄ ရက် မနက် ၉ နာရီဝန်းကျင်က အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ သူက ပြောပါတယ်။

"ဒီနေ့ မနက်မှာတော့ သူတို့ အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာပေါ့။ ရွာမှာ သူတို့ ခြောက်ယောက်ကို ဖမ်းတယ်။ ဖမ်းပြီးတော့ ပစ်သတ်လိုက်တာ။ နောက်ပြီးတော့ နေအိမ်တွေလည်း မီးရှို့လိုက် တယ်"

သေဆုံးသူတွေဟာ အသက် ၂၀ ဝန်းကျင်ကနေ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသား တွေဖြစ်ကြပြီး သတ်ဖြတ်ခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ ကျောက်နီမော်ရွာကနေ အိမ်စီးကား (အံစာတုံးကား) သုံးစီးနဲ့ စစ်ကောင်စီတပ်သား ၅၀ နီးပါးက အောက်ကျောက်ဝပ်ရွာကို ဝင်ရောက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံ ၈၀၀ နီးပါးက လက်ရှိမှာ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်မီးရှို့ခံရမှု တချို့ရှိပေမယ့် ပျက်စီးဆုံးရှုံးတဲ့ နေအိမ်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်ရပ်မတိုင်ခင် မတ်လ ၂ ရက်နေ့က အောက်ကျောက်ဝပ်ရွာအနီးမှာ စစ်ကောင်စီ ထောက်ခံတဲ့ ပျူစောထီးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ဆိုသူ သုံးဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

Southern Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ အရပ်သား ၃၆၀ ဦးကျော် သေဆုံးခဲ့ပြီး ၁၃၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။