ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ဒေသခံ ငါးဦးသေ၊ ၁၀၀ ကျော် ဖမ်းဆီးခံရ
2023.09.18
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၅ ရက်ကစလို့ စစ်ကြောင်းထိုးနေတဲ့အတွက် အရပ်သား ငါးဦးသေဆုံးပြီး ၁၃၀ နီးပါး ဖမ်းဆီးခံထား ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက်က လက္ကူးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်က လက္ကူးရွာနဲ့ အနီးအနားရွာတွေက ဒေသခံ ၁၃၀ နီးပါးကို ဖမ်းဆီးပြီး ဒူရင်းပင်ရှောင်ရွာနဲ့ ခလရ ၂၈၅ တပ်ထဲမှာ ချုပ်နှောင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၅ ရက်နေ့က ဖမ်းထားတာ။ အကုန်လုံးပေါင်း ၁၃၀ လို့ ကျွန်တော် သိထားရတယ်။ လက္ကူးနဲ့ လက္ကူးနားက ရွာတွေပါတယ်။ ဖမ်းထားတာက လက္ကူးရွာနားက ဒူရင်းပင်ရှောင်ရွာနဲ့ ခလရ ၂၈၅ တပ်ထဲမှာ ဖမ်းထားတာ။ ဒီနေ့အထိ ပြန်မလွှတ် သေးဘူး”
စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက္ကူးရွာ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို့ စက်တင်ဘာ ၁၇ ရက်ကတော့ လက္ကူးရွာက မိသားစုဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက် ၇၀ ခန့် အရွယ် ဦးဘကျင်၊ သား အသက် ၄၀ အရွယ် ကိုငွေစိုး၊ သမီးဖြစ်သူ အသက် ၃၇ အရွယ် မသန္တာနွယ်နဲ့ တူမဖြစ်သူ အသက် ၄၀ ခန့်အရွယ် ဒေါ်ရီဝင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
လက္ကူးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ စက်တင်ဘာလ ၁၈ ရက် ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး လက္ကူးရွာ အပါအဝင် အနီးနားက ပိတတ်၊ မဒေါင်၊ မှော်ကြောင်း၊ ကျောက္ကာရွာ၊ ရှပ်ပုံရွာက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ခုနစ်သောင်းခွဲကျော် (၇၅၂၀၀ ) ရှိနေပါတယ်။