ဝက်မှေးရွာကို ပိတ်ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးခတ်

RFA Burmese
2023.08.06
ဝက်မှေးရွာကို ပိတ်ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးခတ် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသရှိ မိုးကြိုးပြင်ရွာအား ဝမ်ပေါင်ကုမ္ပဏီဘက်မှ ခြံစည်းရိုးခတ်ရန် ပြင်ဆင်နေသည့် မြင်ကွင်း။
RFA

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီက ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းမှာ ဝက်မှေးရွာကိုပိတ်ပြီး ခြံစည်းရိုးခတ်လိုက်တာကြောင့် ရွာသားတွေပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဟာ ဒေသခံတွေကို အသိမပေးဘဲ စစ်ကောင်စီတပ်သားတွေနဲ့ လုံခြုံရေးယူပြီး ရွာထွက်ပေါက်တွေအပါအဝင် တစ်ရွာလုံးကိုပတ်ပြီး ခြံစည်းရိုးခတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်မှေးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သုံးရက်နေ့ကစပြီး ခြံစည်းရိုးခတ်နေတာ ဒီညနေကျတော့ တစ်ရွာလုံးထွက် ပေါက်တွေပိတ်ပြီး ခတ်လိုက်တယ်၊ စစ်သားတွေကို ထွက်ပေါက်ဖွင့်ပေးဖို့ပြောတော့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး ပြောတယ်၊ ခုဟာက ဒီထဲမှာပိတ်မိပြီး စားစရာမရှိဘဲ အသေခံရမဲ့ သဘောဖြစ်နေတယ်"

ဩဂုတ်လ ၆ ရက်နေ့ မနက်က ရွှေလှေရွာဘက်က ထွက်ပေါက်တစ်ခုကျန်တဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အခြားနေရာတွေကို ပို့ထားပြီး လက်ရှိရွာထဲမှာ အမျိုးသား၊ အမျိုးသမီး ၅ဝ ကျော် ကျန်နေသေးတယ်လို့လည်း သူကပြောပါတယ်။

ရွာပြင်ထွက်ဖို့ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ခြံစည်ရိုးခတ်တာကို လုံခြုံရေးပေးတဲ့ စစ်ကောင်စီ တပ်သားတွေက ဩဂုတ်လ ၆ ရက်နေ့ မနက်က သေနတ်နဲ့ ပစ်လိုက်တာကြောင့် ဆိုင်ကယ်ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဝက်မှေးရွာထဲမှာ အိမ်ထောင်စု ၃၅ စုကျန်ရှိပြီး အများစုက မြေယာလျော်ကြေး မယူထားဘူးလို့ ဒေသခံက ပြောပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ကစပြီး ဝမ်ပေါင်ကုမ္ပဏီဟာ ဝက်မှေးရွာပတ်ဝန်းကျင်ကို လုံခြုံရေးအင်အား အလုံးအရင်းခြံရံပြီး ခြံစည်းရိုးခတ်ခဲ့တာပါ။ ဩဂုတ်လ ၆ ရက်နေ့ညနေပိုင်းမှာတော့ တစ်ရွာလုံးကိုပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဝက်မှေးရွာထဲက နေရာအတော်များများမှာ စစ်ကောင်စီတပ်သားတွေနေရာယူထားပြီး ဒေသခံတွေကို ကြောက်လန့်ထွက်ပြေးအောင် ခြိမ်းခြောက်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်တယ်ဆိုတဲ့ပြောဆိုချက်အပါအဝင် ကုမ္ပဏီကို လုံခြုံရေးယူပေးထားပြီး ရွာသားတွေ မနေရဲအောင်လုပ်နေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဝက်မှေးရွာဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲမှာပါဝင်ပြီး ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်လက်ထက်ထဲက ရွာကိုခြံစည်းရိုးခတ်ဖို့ ဝမ်ပေါင်ကုမ္ပဏီက ကြိုးစားခဲ့ရာမှာ ရွာသားတွေက တားဆီးကန့်ကွက်ခဲ့တာကြောင့် အရင်က ခြံစည်းရိုးမခတ်နိုင်ခဲ့ပါဘူး။

လက်ပံတောင်းတောင်စီမံကိန်းကို ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ရပ်နားထားတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပေမဲ့ လုပ်ငန်းပြန်စဖို့ပြင်ဆင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။