လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်း တိုက်ခိုက်ခံရ
2024.09.05
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်းကို စက်တင်ဘာလ ၄ ရက်က ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
တရုတ်ကြေးနီစီမံကိန်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပေမဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဆောင်ကို ဒရုန်းဗုံး ထိမှန်ပြီး ပျက်စီးမှုတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“တရုတ်တွေနေတဲ့ အဆောင်ဘေးနားကျတယ်လို့ ပြောတယ်။ လူထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်ဗျ။ မနေ့ကဆိုရင် စစ်ကောင်စီတပ်သားတွေ ဝမ်ပေါင်ထဲဝင်ပြီး အင်အားတိုးတယ်။ ဒီနေ့မနက်မှာဆိုရင် ဖောင်းကား အလယ်ရွာရဲ့ အနောက်ဘက်မှာ အခုအချိန်အထိ စစ်ကြောင်းရှိနေပါသေးတယ်။ အဲဒီဘက်မှာ စစ်ကြောင်းထိုး နေပါတယ်”
တရုတ်ကြေးနီစီမံကိန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အား ငါးဆယ်ခန့် ထပ်တိုးလုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လွန်ခဲ့တဲ့နှစ်လလောက်ကစပြီး ပြန်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီစီမံကိန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်သလဲဆိုတာ ဒေသကာကွယ်ရေးဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်တချို့မှာတော့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာရှိတဲ့ ရဲတပ်သားတွေကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားအလုပ်သမားတွေ နားနေဆောင်နဲ့ အားကစားခန်းမကိုထိမှန်သွားတယ်လို့ ဖော်ပြပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်ကောင်စီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည် ဖော်နေတာပါ။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။ စီမံကိန်းအကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို အစွမ်းကုန်ကာကွယ်ပေးသွားမယ်လို့ ဩဂုတ်လ ၂၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။