တရုတ်ကြေးနီစီမံကိန်းက ကြေးနီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ

RFA Burmese
2024.10.21
တရုတ်ကြေးနီစီမံကိန်းက ကြေးနီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီတွေ တင်ဆောင်လာတဲ့ ယာဥ်တန်းကို အောက်တိုဘာ ၂၀ ရက် မနေ့က မုံရွာမြို့အစွန် နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မနက် ၁၁ နာရီကျော်မှာ ကြေးနီသယ်ယာဥ် ၃၇ စီးကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ယာဥ် ခြောက်စီးပါ ယာဥ်တန်းကို ပစ်မှတ်ထားပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒဏ်ရာရသွားသူတချို့လည်း ရှိတယ်လို့ ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column ရဲ့ စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လုံခြုံရေး ယူပေးတဲ့ကားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဗျ။ သူတို့အင်အားကိုတော့ တိတိကျကျ မသိရဘူး။ အနီးကပ် ဝင်ပစ်တဲ့ အချိန်နဲ့ နေရာက ထင်မှတ်မထားတဲ့ နေရာကနေ ဝင်ပစ်ခဲ့တာဖြစ်လို့ သူတို့ ပြန်ပစ်ချိန်ကို မရလိုက်ဘူးဗျ။ သူတို့ တပ်စွဲထားတဲ့ နေရာနှစ်ခုကြားဆိုတော့ လုံခြုံရေးကို သူတို့က မယူပေးကြဘူးဗျ။ သေသွားတဲ့ တစ်ယောက်ကိုတော့ စွမ်းရည်ထက် ဆီဆိုင်မှာ ထားခဲ့ပြီး ဆက်မောင်းသွားတယ်”

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column စစ်ကြောင်းနဲ့ ဘာမထီ တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံး၊ ထိခိုက်တဲ့ စစ်ကောင်စီတပ်သား အရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်ပေးသွားမယ်လို့ သြဂုတ် ၂၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့တွေ့ဆုံချိန် ပြောထားပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ မေလအတွင်းကတော့ လက်ပံတောင်းက ကြေးနီတွေကို ကားလမ်းအတိုင်း မန္တလေးကို သယ်ယူတဲ့ယာဥ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှု ခပ်စိပ်စိပ် ကြုံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ကလည်း မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက်က ရွာတွေကို စီးနင်းခဲ့လို့ မိုင်းဆွဲတိုက်ခိုက်မှု ရပ်တန့်ထားခဲ့ရတာတွေ ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။