ဒီပဲယင်း လက်ယက်ကုန်းရွာ တိုက်ခိုက်ခံရမှု အပြင်းအထန်ရှုတ်ချကြောင်း Save the Children ထုတ်ပြန်

2022.09.20
ဒီပဲယင်း လက်ယက်ကုန်းရွာ တိုက်ခိုက်ခံရမှု အပြင်းအထန်ရှုတ်ချကြောင်း Save the Children ထုတ်ပြန် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်၏ ရုပ်အလောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ၁၁ ဦး သေဆုံးခဲ့ရတဲ့အပေါ် Save the Children အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ယက်ကုန်းရွာ၊ စာသင်ကျောင်း တိုက်ခိုက်ခံခဲ့ရမှုမှာ ကလေးတွေအပါအဝင် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းတွေကြားရတဲ့ အပေါ် လွန်စွာ ထိတ်လန့်တုန်လှုပ်မိတယ်လို့လည်း Save the Children က လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကနေ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် Save the Children အနေနဲ့ အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေနဲ့ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း အလေးအနက် ပြောကြားလိုပါတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာပြီး ကလေးသူငယ်တွေနဲ့ စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ ထပ်မံတောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF (Myanmar) ကလည်း သားသမီးတွေကို ဆုံးရှုံးခဲ့ကြရတဲ့ မိဘတွေ၊ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်း ကြေကွဲ ရသလို တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းက ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁၅ ဦး လည်း ပျောက်ဆုံးနေတာကြောင့် ကလေးတွေကို ဘေးအန္တရာယ်ကင်းစွာနဲ့ ချက်ချင်း ပြန်လွှတ်ပေးဖို့ စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လက်ယက်ကုန်းရွာ စာသင်းကျောင်းကို ပြီးခဲ့တဲ့ သောကြာနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ မနေ့ကအထိ အတည်ပြုချက်အရ ကလေးငယ် ခုနစ်ဦး အပါအဝင် စုစုပေါင်း ၁၃ ဦးအထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ သေဆုံးရတဲ့သူ ၂၂၉၈ ဦးအထိ ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။