ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှား

RFA Burmese
2023.09.20
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှား ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့ ကျင်းပသည့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား တွေ့ရစဉ်။
Screenshot: MRTV

စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောင်းလဲတာဝန်ယူလိုက်ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဓိကရှာဖွေပေးတဲ့ ကော်မတီတွေဖြစ်တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီတို့ရဲ့ ဥက္ကဋ္ဌ ရာထူးတွေကနေ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖယ်ရှားခံလိုက်ရတာပါ။

စစ်ကောင်စီထုတ်ပြန်ချက်အရ ဥက္ကဋ္ဌနေရာကိုသာ အပြောင်းအလဲလုပ်ပြီး ကျန်တဲ့ အဖွဲ့ဝင်နဲ့ အတွင်းရေးမှူးရာထူးတွေ ထူးထူးခြားခြားပြောင်းလဲတာမျိုး မတွေ့ရသေးပါဘူး။

စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်တစ်ခုလုံးရဲ့ ခြောက်ယောက်မြောက်အကြီးအကဲဖြစ်ပြီး သူ့အထက်မှာ စစ်တပ်အကြီးအကဲ ငါးဦးသာ ကျန်ရှိပါတယ်။ ဒါကြောင့် သူ့ကို စစ်ကောင်စီက ဖမ်းဆီးရေးယူမှုဟာ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦးကို ပထမဆုံးအရေးယူမှုဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်တို့လည်း ဒေါ်လာကိစ္စနဲ့ ကုန်သွယ်မှုကိစ္စတွေမှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနက ဝန်ထမ်းတချို့က ပြောပါတယ်။

အလားတူ ပြည်ထဲရေးဝန်ကြီးဟောင်းလည်းဖြစ် လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အဂတိလိုက်စားမှုနဲ့ စစ်ဆေး ခံနေရတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။