ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် အကြမ်းဖက်ပုဒ်မနဲ့ တရားထပ်စွဲခံရ
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ ကိုလင်းထက်နိုင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ကိုလင်းထက်နိုင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ဗိုလ်တထောင်ခရိုင် တရားရုံးမှာ အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည) နဲ့ ရုံးထုတ်တရားစွဲဆိုခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒါမှန်ပါတယ်။ ဗိုလ်တထောင်ခရိုင်တရားသူကြီးက အဲဒီပုဒ်မနဲ့ တရားစွဲဆိုထားတယ် ဆိုပြီး ရုံးထုတ်တာပေါ့။ ပထမစွဲထားတဲ့ ၅၀၅ (က) နဲ့လည်း အမှုရင်ဆိုင်နေရတော့ နှစ်မှုဖြစ်သွားပြီ။ ထပ်တိုးတရားစွဲခံရတာနဲ့ ပတ်သက်လို့ ဥပဒေပိုင်းအရ လုပ်လို့ရတာ လုပ်သွားမှာပါ"
ကိုလင်းထက်နိုင်ဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အခုနှစ် ဇွန်လ ၁၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူဟာ ဗကသ ဗဟိုကော်မတီဝင်ဟောင်းဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်း ဖြစ်ပြီး အစိုးရအဆက်ဆက် မတရားမှုတွေကို ဆန့်ကျင်တွန်းလှန်ခဲ့တာကြောင့် ၂၀၀၈ ခုနှစ်ကစလို့ ထောင်ဒဏ်အကြိမ်ကြိမ်ကျခံခဲ့ရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲမှုကြောင့် ရှစ်ဦးသေဆုံးခဲ့တဲ့အထဲ ကိုလင်းထက်နိုင်ရဲ့မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်ပါတယ်။