ရွှေကျင်မြို့နယ်က ဒေသခံအမျိုးသားတစ်ဦး စစ်ကြောရေးမှာသေဆုံး
2023.01.29
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဆိတ်ကလေးဆူးတောရွာက အသက် ၄၀ အရွယ် ကိုကျော်ဇင်လတ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သုံးရက်အကြာ အလောင်းပြန်ပို့ ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇန်နဝါရီလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ဆိတ်ကလေးဆူးတောရွာက ကိုကျော်ဇင်လတ်ဟာ မွန်ပြည်နယ် သိမ်ဇရပ်မြို့ကို ဆိုင်ကယ် ကယ်ရီဆွဲဖို့အသွား စစ်ကောင်စီတပ် ခလရ(၂၀၇) ရှေ့ ကွမ်းယာဆိုင်မှာ ဇန်နဝါရီလ ၂၂ ရက်က ဖမ်းဆီးခံလိုက်ရတာပါ။
စစ်ကောင်စီတပ်က ကိုကျော်ဇင်လတ်ကို PDF လို့ စွပ်စွဲပြီး ဖမ်ဆီးခဲ့တာလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ ကိုကျော်ဇင်လတ်ရဲ့ ရုပ်အလောင်းကိုတော့ ဇန်နဝါရီလ ၂၅ ရက်မှာ မိသားစုထံ ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းကတော့ တပ်တွင်း စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မသိရသေးဘူးလို့ ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၁၅၆ ဦးအထိ ရှိနေပြီး လက်တွေ့မှာ ဒီထက် ပိုများပြားနိုင်ပါတယ်။