လွိုင်ကော်အကျဉ်းသားတွေ လုံလောက်တဲ့ အစားအစာ မရကြောင်း KPPA အဖွဲ့ပြော

RFA Burmese
2024.02.08
လွိုင်ကော်အကျဉ်းသားတွေ လုံလောက်တဲ့ အစားအစာ မရကြောင်း KPPA အဖွဲ့ပြော ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်အား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။
Kantarawaddy Times

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေဟာ အစာရေစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုံလောက်တာကြောင့် ကျန်းမာရေးထိခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေကို ဆန်ကြမ်းနဲ့ ငါးပိကိုပဲ နေ့စဉ်ရက်ဆက်ကျွေးနေပြီး အခန်းပြင်ပထွက်ခွင့်မပေးတာလည်း နှစ်လနီးပါးကြာလာတာကြောင့် ခန္ဓာကိုယ်ချည့်နဲ့တာ စတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ကြုံနေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လွိုင်ကော်မြို့မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ကတည်းက မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး အကျဉ်းထောင် အနီးတစ်၀ိုက်မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို အဆောင်ပြင်ပထွက်ခွင့်မပေးတာ အပါအဝင်၊ မိသားစုဝင်တွေကလည်း ထောင်ဝင်စာ မပို့နိုင်တော့တာလို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

စားနပ်ရိက္ခာကို အကျဉ်းထောင်ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ရဲအတွက်ကိုပဲ အဓိက အသုံးပြုနေတာကြောင့် အကျဉ်းသားတွေ အစာရေစာ ၀၀လင်လင် မစားရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ကျွန်တော်တို့သိထားတာကတော့ မိဘတွေရဲ့ ထောင်ဝင်စာ ပါဆယ်တွေကလည်း စစ်ပွဲကာလတွေကြောင့် မြို့တွင်းထဲကို ဝင်လို့မရတော့ ပါဆယ်တွေ မရှိဘူးပေါ့နော်။ စစ်ကောင်စီအနေနဲ့လည်း အကျဉ်းထောင်ထဲမှာ စစ်တပ်နဲ့ ရဲတွေ အကျဉ်းဦးစီးတွေ တပ်စွဲထားတာဖြစ်တဲ့အတွက် သူတို့ရဲ့လူတွေအတွက်ပဲ ရိက္ခာတွေကို အဓိက အသုံးပြုတယ်ပေါ့နော်။ အကျဉ်းသားတွေကို ပုံမှန် ဆန်ကြမ်းနဲ့ ငါးပိပဲ ပေးတဲ့အခါမှာတော့ နဂိုကတည်းက ရာသီဥတု အပြောင်းအလဲမှာ နေမကောင်း ဖျားနာတဲ့သူတွေက နိုင်ငံတစ်ဝန်းမှာဖြစ်လာတယ်။ အကျဉ်းထောင်တွေထဲမှာလည်း သေဆုံးမှုတွေ များလာတဲ့အခါ သူတို့ရဲ့ ကျန်းမာရေးအခြေအနေက အဆိုးဝါးဆုံးနဲ့ စိုးရိမ်ရမယ့် အခြေအနေထဲမှာပါတယ်လို့ ပြောလိုပါတယ်”

အကျဉ်းသားတွေ ကျန်းမာရေးထိခိုက်လာတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားအားလုံးကို လုံလောက်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အထူး အလေးထား လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ ထုတ်ပြန်ချက်မှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။

လွိုင်ကော်ထောင်က အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ အကျဉ်းစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

လွိုင်ကော်ထောင်မှာ အကျဉ်းကျပြီး ဇန်နဝါရီလထဲက လွတ်ရက်စေ့နေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၆၅ ဦးကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်တယ်လို့ KPPA က ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၀,၀၆၄ဦး) ရှိပြီး အဲဒီအထဲက လူကိုးထောင်နီးပါး (၈၇၇၂) ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။