ဒုစစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ရှော့တိုက်ဒုံးနဲ့ပစ်ခဲ့ကြောင်း PDF ပြော

RFA Burmese
2025.01.14
ဒုစစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ရှော့တိုက်ဒုံးနဲ့ပစ်ခဲ့ကြောင်း PDF ပြော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ရောက်ရှိနေသည့် လွိုင်ကော်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်ညတွင် ၁၀၇ မမရှော့ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်အား တွေ့ရစဉ်။
Brave Warriors for Myanmar (BWM) Photo

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေချိန် ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-လွိုင်ကော်) နေရာတွေကို ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ တစ်ပြိုက်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်နယ်ခန်းမအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး၊ ဒကစ-လွိုင်ကော်ကို ရှော့တိုက်ဒုံး နှစ်လုံး စုစုပေါင်း ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ရာမှာ ခြောက်လုံးက ပစ်ခတ်မှု အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ ကျရောက်မဲ့ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ဒုစစ်ခေါင်းဆောင် တက်ရောက်ဖို့အတွက် လွိုင်ကော်မြို့ကို ရောက်ရှိနေကြောင်း သတင်းရတာကြောင့် အခုလို တိုက်ခိုက်တာလို့ BWN တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီ ဒုခေါင်းဆောင်ကိုယ်တိုင် အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်ဆိုတဲ့ ခံစားမှုမျိုးကိုပေးချင်လို့ပါ၊ ဒါကြောင့်အခုလို တိုက်ခိုက်ရတာဖြစ်ပါတယ်”

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု ရှိ၊ မရှိ နောက်ဆက်တွဲ အခြေအနေတွေကို အတိအကျသိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့ခံ တစ်ဦးကလည်း ဇန်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ ပေါက်ကွဲသံကျယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ အသံတွေကြားရကြောင်း ပြောဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရပါဘူး။

အခုတိုက်ခိုက်မှုကိုတော့ BWM အဖွဲ့အပါဝင် Mountain Knight Civilian Defense Forces (MKCDF) နဲ့ (Anti-Coup People’s Liberation Force – ACPLF) တို့က ပူးပေါင်းပြုလုပ်တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ကလည်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို ရောက်နေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဒုစစ်ခေါင်းဆောင် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် လူမြင်ကွင်းကနေ တစ်လနီးပါး ပျောက်ကွယ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။