လွိုင်ကော်မြို့က ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး ရဟန်းနှစ်ပါးပျံလွန်

RFA Burmese
2023.11.20
လွိုင်ကော်မြို့က ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး ရဟန်းနှစ်ပါးပျံလွန် လွိုင်ကော်မြို့ရှိ ဥတ္တရာရုံကျောင်းတိုက်ဝင်းသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က လက်နက်ကြီးကျရောက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်။
Citizen Journalist

ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်ဝင်းထဲကို နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကိုရင်နှစ်ပါး ပျံလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဥတ္တရာရုံကျောင်းတိုက်အတွင်း စစ်ဘေးဒုက္ခသည်တွေလည်း ခိုလှုံနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်ချလိုက်တာ ဘုန်းကြီးကျောင်းက ကိုရင်နှစ်ပါးကိုထိပြီး ပျံလွန်တော်မူတာပေါ့။ မနက် ၉ နာရီနဲ့ ၁၀ နာရီလောက်မှာ ဖြစ်တာ။ အဲဒီမှာ စစ်ရှောင်တွေ ရှိနေတာ။ တခြားထိမိတဲ့လူတွေ မရှိပါဘူး”

လက်နက်ကြီးထိမှန်ပြီး ဘာသာရေးအဆောက်အအုံတချို့ ပျက်စီးခဲ့ပေမယ့် နောက်ထပ် သံဃာ နဲ့ လူ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးမြင့်ကြည်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နဲ့အပြိုင် ကယားပြည်နယ်မှာ တစ်လေးလုံး (၁၁၁၁) စစ်ဆေးရေးကို ကရင်နီလက်နက်ကိုင်အဖွဲ့တွေက နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ခဲ့ပါတယ်။ အဲဒီနေ့ကစလို့ လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်အထိ လွိုင်ကော်မြို့မှာအရပ်သား ၄၆ ဦးအထိ သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က နိုဝင်ဘာလ ၁၉ ရက်မှာ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။