စေတုတ္တရာမြို့နယ် လုံးကြီးရွာ ရွာလုံးကျွတ်မီးရှို့ခံရပြီး တစ်ရွာလုံး ထွက်ပြေးနေရ
2024.02.28
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာကို ဖေဖော်ဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၄၅၀ ခန့်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အိမ်ခြေ ၁၁၀ ခန့်နဲ့ လူဦးရေ ၄၅၀ ကျော်နေထိုင်တဲ့ လုံးကြီးရွာမှာ နေအိမ် ၁၀၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ People Supporter Foundation Sidoktaya အဖွဲ့ဝင် မဝတီက RFA ကို ပြောပါတယ်။
"ရွာက မီးရှို့ခံရတာ အိမ်ခြေ ၁၁၀ ကျော်ရှိရာမှာ ၁၀၃ အိမ်က လုံးလုံးမီးရှို့ခံရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေရယ်၊ စာသင်ကျောင်းတွေရယ် အားလုံးပါသွားပါတယ်ရှင့်"
အဲဒီဒေသကို စလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေပူးပေါင်းပြီး စစ်ကြောင်းထိုးတာလို့ ပြည်သူ့လွတ်မြောက်ရေး အင်အားစု စေတုတ္တရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"၂၅ ရက်နေ့က စစ်ကြောင်းထိုးတာဗျ။ ခလရ ၂၅၃ ၊ ၂၅၄၊ ၂၅၅ နဲ့ ကပစ - ၂၀ ရယ်၊ ပျူသင်တန်းဆင်းတွေရယ် ပေါင်းပြီး အင်အား ၁၅၀ ကျော် စစ်ကြောင်းထိုးတာပါဗျ"
အဲဒီနေ့မနက် ၉ နာရီကနေ နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ လေးနာရီကြာဖြစ်ခဲ့ပြီး လက်နက်အင်အားမမျှလို့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်ချိန်မှာ စစ်ကောင်စီတပ်က ရွာကိုဝင်ရောက်မီးရှို့တာလို့ ဆိုပါတယ်။
ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အတွက် အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
စစ်ကောင်စီကတော့ စေတုတ္တရာမြို့နယ်က အရပ်သားနေအိမ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ သတင်းစာကနေ တုံ့ပြန်ထားပါတယ်။
အဲဒီရွာက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက သဲအိတ်၊ ဘန်ကာ၊ ပစ်ကျင်းတွေနဲ့ ခံစစ်ပြင်တိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုထားပါတယ်။
မီးရှို့ခံရမှုကိစ္စတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။