နေပြည်တော်ကို ဆက်သွယ်ထားတဲ့ ဓာတ်အားလိုင်းတာဝါတိုင်ကို ဖယ်ခုံ PDF မိုင်းခွဲဖျက်ဆီး

2021.08.18
နေပြည်တော်ကို ဆက်သွယ်ထားတဲ့ ဓာတ်အားလိုင်းတာဝါတိုင်ကို ဖယ်ခုံ PDF မိုင်းခွဲဖျက်ဆီး ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံကနေ နေပြည်တော်ကို သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်း တာဝါတိုင်ကို တွေ့ရစဉ်
Photo: CJ

ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံကနေ နေပြည်တော်ကို သွယ်တန်းထားတဲ့ လျှပ်စစ်မဟာ ဓာတ်အားလိုင်း တာဝါတိုင် ၂ တိုင်ကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဖယ်ခုံ PDF က သြဂုတ် ၁၇ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

အခုဖျက်ဆီးလိုက်တာက ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အကြား လွယ်ဟွဲကျေးရွာအနီးမှာရှိတဲ့ တာဝါတိုင် နှစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ဖျက်ဆီးလိုက်တာလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုကို ဟန့်တားဖို့ပြုလုပ်ရတာဖြစ်ပြီး အခုဖျက်ဆီးလိုက်တဲ့ တာဝါတိုင်က လည်း ပြည်သူတွေသုံးစွဲခြင်းမရှိဘဲ နေပြည်တော်က စစ်ကောင်စီသီးသန့်သုံး လျှပ်စစ်တာဝါတိုင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းခွဲဖျက်ဆီးထားတဲ့ တာဝါတိုင်တွေအနီးက တောင်ကုန်းတွေ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲရွာနဲ့ ပင်လောင်းမြို့ နယ် ပင်ပုံရွာတွေမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တပ်စွဲထားပြီး စစ်ရေးတင်းမာနေ တယ်လို့လည်း ဖော်ပြထားပါတယ်။

သြဂုတ်လ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဖယ်ခုံ PDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေလည်း တွေရှိခဲ့တယ်လို့ဆိုပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့မှာ ပင်းလောင်းမြို့နယ်ထဲမှာပဲ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းအဖွဲ့နဲ့ ဖယ်ခုံ (PDF) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် နှစ်ယောက် ဒဏ်ရရခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ဘက်ကလည်း ဖယ်ခုံ (PDF) ကထောင်ထားတဲ့ မိုင်းတွေကိုနင်းမိလို့ ထိခိုက်၊ သေဆုံးမှုခဲ့ပြီး အရေအတွက်ကတော့ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။

သြဂုတ်လ ၁၅ ရက်နေ့မှာတော့ တိုက်ပွဲနေရာကို လွိုင်ကော်ဘက်ကနေ စစ်ကူလာတဲ့ အင်အား ၄၀၀ ကျော်ပါတဲ့ စစ်ယာဉ်တန်း ၃၈ စီးကို လွိုင်ကော်-ဖယ်ခုံကားလမ်း ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာ အနီးမှာ ဖယ်ခုံ PDF နဲ့ မိုးဗြဲ PDF တို့ပူးပေါင်းအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ PDF ဘက်က ၁ ယောက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရတာတွေရှိ ပေမယ့် အရေအတွက်ဘယ်လောက်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖယ်ခုံ PDF နဲ့အတူ ဒီးမော့ဆို PDF-DMO၊ မိုးဗြဲ MBPDF၊ ကရင်နီ တပ်မတော် KA နဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF တွေကလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။