လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ ရေပိုက်လိုင်း မိုင်းခွဲခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်က ဝမ်ပေါင်နဲ့ယန်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်း အတွက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတစ်ခု စက်တင်ဘာလ ၉ ရက် မနေ့ကညပိုင်းက မိုင်းခွဲဖျက်ဆီးခံ ခဲ့ရတယ်လို့ ကံကုန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။
မိုင်းခွဲသွားပေမယ့် ပျက်စီးမှုမရှိခဲ့ဘဲ ရေလာနေဆဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကံကုန်းရွာ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကုတင် (၁၆) ဆေးရုံးနားက ပိုက်လိုင်းခွဲခံရတာ၊ ညပိုင်း ဝုန်းကနဲအသံတော့ ကြားလိုက်ရတယ်၊ ဘယ်သူ တွေ လုပ်တာလဲတော့ မသိဘူး၊ ပိုက်လိုင်းကို သိပ်မထိဘူးထင်တယ်၊ ရေကတော့ ဆိုက်ထဲလာနေတုန်းပဲ” လို့ ဒေသခံက ဆိုပါတယ်။
အဲဒီရေပိုက်လိုင်းဟာ ချင်းတွင်းမြစ်ကနေပိုက်နဲ့ သွယ်တန်းပြီး ဝမ်ပေါင်၊ ယန်စီ လုပ်ငန်းခွင်ဆိုက်ထဲကို ပို့တဲ့ ရေပိုက်လိုင်းဖြစ်ပြီး ဘယ်အဖွဲ့က မိုင်းခွဲတာလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
ဒါ့အပြင် ရေပိုက်လိုင်း တိုက်ခိုက်ခံရတဲ့ကိစ္စအတွက် ထိခိုက်မှုအခြေအနေကို ကုမ္ပဏီဘက်ကလည်း မထုတ် ပြန်သလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ဝမ်ပေါင်ကုမ္ပဏီဟာ ၂၀၁၀ ခုနှစ်ကတည်းက လက်ပံတောင်းတောင်ကနေ ကြေးနီထုတ်လုပ်တဲ့ လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပေမယ့် အခုအချိန်ထိ ဒေသခံတွေနဲ့ မြေယာပြဿနာအရေးတွေ မဖြေရှင်းနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၀မ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီမှာ အခုလဆန်းပိုင်းကစတင်လို့ စစ်ကောင်စီက လုံခြုံရေးယူပေးထားပြီး ကုမ္ပဏီဝန်ထမ်းတွေကိုလည်း ကိုဗစ်စည်းကမ်းအရ အပြင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ အဲဒီကုမ္ပဏီက ၀န်ထမ်းတွေက RFA ကို ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ နီးကပ်တဲ့ ယင်းမာပင်မြို့မှာလည်း မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။