မတ္တရာက စစ်ကောင်စီတပ်စခန်း ၂၅ ခုကို MDY- PDF သိမ်းပိုက်
2024.07.06
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်စခန်း ၂၅ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ္တရာမြိုနယ်က စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင် စတဲ့ စခန်းစုစုပေါင်း ၂၅ ခုကို အပြီးသတ် သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေ လက်နက်ချတာတွေလည်း ရှိတယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
"မနေ့က ပျူစောထီးတွေကို လက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ထုတ်ပြန်စာထုတ်ပြီးနောက်ပိုင်းမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဆီ အလင်းဝင်လာတဲ့ ပျူစောထီးတွေ ရှိပါတယ်၊ မတ္တရာမှာလည်း ရှိတယ်၊ စဉ့်ကူးမှာလည်း ရှိပါတယ်"
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီး တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ MDY-PDF က ဇူလိုင်လ ၅ ရက်နေ့မှာ တိုက်တွန်းခဲ့တာပါ။
ဒီစခန်းတွေသိမ်းဆည်းခံရတာ၊ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ္တရာမြို့နယ်အတွင်း သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို MDY-PDF က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီစစ်ဆင်ရေးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်တယ်လို့လည်း ဆိုပါတယ်။
စဥ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီ တပ်စခန်း ခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က ဇူလိုင်လ ၄ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။