မတ္တရာနဲ့ ပုသိမ်ကြီးက ဒေသခံခြောက်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2023.11.20
မတ္တရာနဲ့ ပုသိမ်ကြီးက ဒေသခံခြောက်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ မတ္တရာမြို့နယ် ပတ်လည်အင်းရွာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က မီးရှို့ခံရသည်ကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်က ကင်းရွာနဲ့ သရက်ကိုင်းရွာ ဒေသခံခြောက်ဦးကို နိုဝင်ဘာလ ၁၇ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မတ္တရာမြို့နယ် ကင်းရွာက အသက် ၂၅ နှစ်အရွယ် ကိုမင်းငယ်တာ၊ အသက် ၄၀ ဝန်းကျင် ကိုသောင်းရင်နဲ့ ကိုဖိုးထော၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာက ညီအစ်ကိုအရင်းတွေဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ကိုထွန်း၊ အသက် ၂၂ အရွယ် ကိုပြုံး နဲ့ အသက် ၂၅ နှစ်အရွယ် ကိုမုန်း တို့ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီး တစ်ရက်အကြာ နိုဝင်ဘာလ ၁၈ ရက်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အလောင်းတွေကို သရက်ကိုင်းရွာအနီးမှာ တွေ့ခဲ့ရတာလို့ ကင်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ကင်းရွာကနေ အဲဒီဘက်မှာ စစ်ရှောင်ပြီး စိုက်ခင်းတွေမှာ လုပ်ကိုင်စားသောက်ကြတာပေါ့ဗျာ။ မိသားစုလိုက် အဲဒီမှာနေပြီး နေ့စားအလုပ်လုပ်နေကြတာပေါ့။ မင်းတို့ ဘယ်ကလဲမေးတော့ ကင်းရွာကပါလို့ ပြောလိုက်တာတဲ့။ ဒါဆို PDF ရွာကဆိုပြီး ဖမ်းသွားတာပဲ။ သရက်ကိုင်းက ညီအစ်ကို သုံးယောက်ကကျတော့ ဆိုင်ကယ်တစ်စီးတည်း သုံးယောက်စီးလို့ ဆိုပြီးဖမ်းလိုက်တာ။ နောက်ရက်ကျတော့ အလောင်းတွေအကုန်လုံး တစ်နေရာတည်းမှာပဲ တွေ့လိုက်ရတာ"

ကင်းရွာဟာ PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက် စီးနင်းတဲ့ရွာဖြစ်လို့ ဒေသခံတချို့ဟာ ရွာကို စွန့်ခွာပြီး ရွာနဲ့လေးမိုင်ဝေးတဲ့ သရက်ကိုင်းရွာအနီးကို ပြောင်းရွှေ့နေထိုင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ကင်းရွာသားသုံးဦးဟာ သရက်ကိုင်းရွာအနီး မိသားစု လိုက်ပြောင်း ရွှေ့နေထိုင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သရက်ကိုင်းရွာသားသုံးဦးကတော့ သူတို့ရဲ့ စိုက်ခင်းကနေအပြန် ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးလို့ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်ကလည်း ပတ်လည်အင်းရွာအနီး ဖြစ်ပွားတဲ့တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းက အောင်ကန်သာရွာက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသား ၁၁ ဦးနဲ့ ပွဲစားကုန်းရွာသားတစ်ဦးကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးခဲ့တဲ့ အရပ်သား ၄၁၉၀ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။