ဖမ်းဆီးခံထားရတဲ့ မြိုင်ဒေသခံ ၁၁ ဦးထဲက တစ်ဦး အသတ်ခံရ
2023.09.12
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ဒေသခံ ၁၁ ဦးထဲက တစ်ဦးဟာ စက်တင်ဘာလ ၁၁ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံကြီးရိုးရွာမှာနေထိုင်တဲ့ ဝက်ကျုံးရွာသား အသက် ၅၂ အရွယ် ဦးသန်းလွင်ကို စစ်ကောင်စီတပ်က လမ်းမှာ ပစ်သတ်ခဲ့ပြီး သူ့ဇနီးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
အဖမ်းခံထားရသူတွေထဲက လမ်းမလျှောက်နိုင်တော့တဲ့ ဦးသန်းလွင်ကို ပစ်သတ်ခဲ့တာလို့ ပြန်လွတ်လာသူနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ခန့်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကံကြီးရိုးရွာက ရွာသား ရှစ်ဦး နဲ့ စစ်ကြောင်းတစ်လျှောက်ရွာတွေက ဒေသခံ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြောပါတယ်။
ကျန်တဲ့ ၁၀ ဦးကိုတော့ မြိုင်မြို့နယ် တောင်ဘက် စက်မှု ၂ ထဲကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်မှာ စစ်ကောင်တပ်က မြိုင်မြို့ကနေ ထွက်လာပြီး ကံကြီးရိုးရွာကို ဝင်ရောက်စီးနင်းပစ်ခတ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၂၊ တပ်ခွဲ ၅၊ နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းမြွေ သေဆုံးပြီး အဲဒီရွာက ရွာသား ရှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ အတွင်းရေးမှူး ဦးသန်းဆွေဝင်း ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ သင်းပေါင်းကန်ရွာအနီးမှာ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။