မကွေး ရေနံမြေစခန်းတွေ ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီ ထိုးစစ်ဆင်

RFA Burmese
2024.09.05
မကွေး ရေနံမြေစခန်းတွေ ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီ ထိုးစစ်ဆင် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ နလဲရေနံမှော်လုပ်ငန်းခွင်တစ်နေရာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
U Kyaw Khaing Win Photo

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ရေနံမြေစခန်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။

ကျောမြို့ က စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် ၂၃ ကနေ အင်အား တစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက မြေပြင်စစ်ကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ကျောမြို့ပတ်ဝန်းကျင်နဲ့ ရေနံမြေ စခန်းနေရာတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်တယ်လို့ ဂန့်ဂေါခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဆရာကျော်က RFA ကို ပြောပါတယ်။

"သူတို့ ရေနံမြေကို ပြန်လိုချင်လို့ အင်အားအလုံးအရင်းနဲ့ ပြန်စီးတယ်ဆိုတဲ့ သဘောပါပဲ။ ရေနံမြေကလည်း ကပစ ၂၃ ရဲ့ အသက်သွေးကြော ဖြစ်နေတာကို။ ကပစအတွက် လိုအပ်တဲ့ သူတို့ အသုံးပြုနေတဲ့ စွမ်းအင်၊ ရေနံနဲ့ ဓာတ်ငွေ့တွေက ဒီကရနေတော့ မရမက ပြန်လိုချင်လို့ ပြန်ပြီးထိန်းချုပ်ချင်တဲ့ သဘောမျိုးဖြစ်တယ်"

လက်ရှိမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်ရဖို့ ကြိုးစားနေတာကြောင့် မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီလက်အောက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ကျောတိုက်နယ်က ပုထိုးလုံ ရေနံမြေကို ဩဂုတ်လ ၁၅ ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ထားတာပါ။

ဒီ့အပြင် မတ်လ ၂ ရက်နေ့က မြိုင်မြို့နယ်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေ၊ ဧပြီလ ၁၉ ရက်နေ့က ပေါက်မြို့နယ်မှာရှိတဲ့ လက်ပံတို ရေနံမြေနဲ့ ဩဂုတ်လ ၂၀ ရက်မှာ ပခုက္ကူမြို့နယ် စပယ်-သာကြီးတောင် ရေနံမြေတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။