မြင်းခြံမြို့နယ် မကျီးစုရွာက ဒေသခံ ၆၀ ကျော် ဖမ်းဆီးနှိပ်စက်ခံရ

RFA Burmese
2023.09.21
မြင်းခြံမြို့နယ် မကျီးစုရွာက ဒေသခံ ၆၀ ကျော် ဖမ်းဆီးနှိပ်စက်ခံရ မြင်းခြံမြို့နယ် မကျီးစုရွာမှ မီးရှို့ခံထားရသည့် နေအိမ်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ တွေ့ရစဉ်။
ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း မြင်းခြံမြို့နယ် မကျီးစုရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၀ ရက် မနေ့က ဝင်ရောက်စီးနင်းပြီးနောက် ရွာမှာရှိနေတဲ့ ဒေသခံ ၆၃ ဦးကို ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ကလေးကနေ သက်ကြီးရွယ်အိုတွေ အထိ ပါဝင်တဲ့ ရွာသူ၊ ရွာသား ၆၃ ဦးကို မကျီးစုရွာ ဘုန်းကြီးကျောင်းဝန်းထဲမှာ စုဖမ်းထားပြီး PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှိပ်စက်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရွာထဲက နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ဖမ်းဆီးထား သူတွေထဲက အသက် ၁၆ နှစ်နဲ့ ၃၀ အရွယ်ကြား အမျိုးသမီး ၂၀ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသား နှစ်ဦး စုစုပေါင်း ၂၂ ဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မကျီးစုရွာခံတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးတွေကိုကျတော့ အတန်းလိုက်စီ ဝမ်းလျားမှောက်ခိုင်းပြီးတော့ သူတို့သိချင်တာကို မေးပြီးတော့ မသိဘူးပြောရင် တစ်ခါရိုက်၊ နောက်မသိဘူးပြောရင် နောက်တစ်ခါထပ်ရိုက်တာပေါ့။ အဲလိုရိုက်တာ။ အမျိုးသားတစ်ယောက်ကိုဆိုရင် အနောက်ဘုရားမှာ မိုင်းထောင်တာ ခင်ဗျားမဟုတ်ဘူးလားဆိုပြီး မေးမေးပြီး လိမ့်ရိုက်တာ။ ပေါင်တွေရော၊ တင်နောက်ပိုင်းတွေရော သွေးတွေကို ယိုကျနေရော။ ၂၂ ဦးကိုတော့ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာပေါ့။ မိန်းကလေးအများစုပါတယ်”

ဖမ်းခေါ်ခံသွားရသူ ၂၂ ဦးကိုတော့ မနေ့က ညနေ ၃ နာရီလောက်မှာ မကျီးစုနဲ့ ရွာသာယာရွာကြားက ဘုန်းကြီးကျောင်းဘေးမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ရွှေ၊ ငွေလက်ဝတ်ရတနာတွေနဲ့ ငွေသားတစ်ချို့ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်၊ ဒီနေ့ မနက် ၈ နာရီမှာတော့ မကျီးစုရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောပါတယ်။

“အမျိုးသမီးငယ်လေးတွေကို ဓားတွေနဲ့ ခြိမ်းခြောက်ပြီး နားကပ်တွေဖြုတ်ယူသွားတဲ့ သောင်းကျန်းတဲ့အဖွဲ့ကို အခုမနက် ၈ နာရီလောက်မှာ ကျွန်တော်တို့ ဒေါင်းမင်းတမန် အဖွဲ့ကနေပြီးတော့ မဟာမိတ်ဖြစ်တဲ့ MGN 35 ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အသေအပျောက်တော့ မသိရသေးဘူး။ မြင်းခြံ - နဘူးအိုင် လမ်းပေါ်၊ ကျောက်ကန်နဲ့ ထန်းတောကြီး ကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာပါ”

လက်ရှိမှာတော့ မကျီးစုရွာ အပါအဝင် ရွာသာယာ၊ ထိန်ပန်း၊ ရွာသစ်၊ တောင်ပုံ၊ ဘလဲ့၊ ယုန်ထိုး စတဲ့ ရွာခြောက်ရွာက အရပ်သား တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။