KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ လက်နက်ကြီးနဲ့ အပစ်ခံရ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ကို နိုဝင်ဘာလ ၆ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေးချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်ဂျာယန်မြို့ထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ မိုင်ဂျာယန်မြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
"နေ့လယ် တစ်နာရီကျော်လောက်မှာ ပစ်တာဟုတ်တယ်။ လေးချက်ပစ်တာ။ မြို့ထဲက လူမနေတဲ့ ဆိုင်ခန်းတွေနားကျလို့ လူမထိဘူး။ ဆိုင်ခန်းတွေတော့ ပျက်စီးတာပေါ့"
နိုဝင်ဘာလ ၆ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းသွားပြီး ဝတ်ပြုဆုတောင်းကြတဲ့ တနင်္ဂနွေနေ့ဖြစ်တာကြောင့် ဆိုင်ခန်းအများစု ပိတ်ထားတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီကနေ့ နေ့လယ်ပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။
မိုင်ဂျာယန်မြို့ဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်သလို တိုင်းရင်းသားပေါင်းစုံ တက်ရောက်နေတဲ့ ဖက်ဒရယ်ကောလိပ်နဲ့ မိုင်ဂျာယန်အမျိုးသား ကောလိပ်ကျောင်းလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ညပိုင်းကလည်း KIA နဲ့ KPDF ကာကွယ်ရေးအဖွဲ့တွေက မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်တွင်းအဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။