မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ဗုံးနဲ့အပစ်ခံရပြီး ဝန်ထမ်းလေးဦးဒဏ်ရာရ

RFA Burmese
2023.03.21
မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ဗုံးနဲ့အပစ်ခံရပြီး ဝန်ထမ်းလေးဦးဒဏ်ရာရ မန္တလေးတိုင်း ပို့ဆောင်ရေးရုံးအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ဗုံးနှင့် အပစ်ခံရအပြီး တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ ရပ်ကွက်မှာရှိတဲ့ မန္တလေးတိုင်း ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံး မတ်လ ၂၀ ရက်နေ့က လက်လုပ်ဗုံးနဲ့ အပစ်ခံရတာကြောင့် ဝန်ထမ်းလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဌာနဆိုင်ရာရုံးဖြစ်လို့ ရုံးရှေ့မှာ အကာအရံတွေ လုပ်ထားတဲ့ကြားက လက်လုပ်ဗုံးနဲ့ ပစ်ခံရတာလို့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဗုံးပစ်ခံရတာ ဟုတ်တယ်။ ဝန်ထမ်းတချို့လည်း ဒဏ်ရာရသွားတယ်။ သေတဲ့လူတော့ မရှိဘူး။ ဌာနဆိုင်ရာရုံးဆိုတော့ နဂိုကတည်းက အဲဒီရှေ့မှာ အကာအရံတွေတော့ ရှိတယ်။ အဲဒီကြားထဲက ပစ်ခံရတာပေါ့နော်”

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဗုံးကွဲမှုကြောင့် ဒု-ဦးစီးမှူးတစ်ဦး၊ အကြီးတန်းစာရေးတစ်ဦးနဲ့ အငယ်တန်းစာရေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားနေကြ ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။

အောင်စည်တော်စစ်ဆင်ရေး (AST-MDY) အဖွဲ့ကတော့ ဒီကိစ္စကို သူတို့အဖွဲ့က လုပ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီအလိုကျ တာဝန်ယူ အလုပ်လုပ်နေလို့ လုပ်ခဲ့တာလို့လည်း သတင်း ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၄ ရက်နေ့ကလည်း အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးမှာရှိတဲ့ ထောက်လှမ်းရေးတပ် အဝင်ပေါက် ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ AST-MDY က ထုတ်ပြန်ထား ပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်လို့ မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။