မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

RFA Burmese
2025.02.08
မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားစဉ်။
Myanmar Military

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ ငွေကျပ် ခုနစ်ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသမီးတစ်ဦးအပါအဝင် ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်အပြင် မူးယစ်ဆေးသယ်ယူပို့ဆောင်ရာမှာ သုံးတဲ့ မော်တော်ယာဉ် သုံးစီးနဲ့ ဆိုင်ကယ်တစ်စီးတို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲက အမျိုးသမီးတစ်ဦးဟာ တစ်ဆယ်ရာခိုင်နှုန်း အကျိုးဆောင်ခယူပြီး ပွဲစားလုပ်နေသူဖြစ်ကာ ကျန်တဲ့ အမျိုးသား ခြောက်ဦးကတော့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ပေးတာ၊ ရောင်းရငွေတွေကို အဆင့်ဆင့်လွှဲပြောင်းလက်ခံယူသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ နေထိုင်တဲ့ အိုက်ပေါင်းဆိုသူက ဦးဆောင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဂိုဒေါင်တစ်ခုကို ငှားရမ်းကာ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားတာဖြစ်ပါတယ်။ အဲဒီနှစ်ဦးအပြင် အမှုနဲ့ဆက်စပ်တဲ့ နောက်ထပ်အမျိုးသားတစ်ဦးတို့ကိုတော့ ဆက်လက်ရှာဖွေဖော်ထုတ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ကျပ်ငွေ တစ်ဘီလီယံနဲ့ အထက် မူးယစ်ဆေးဖမ်းဆီးရမိမှုပေါင်း ၅၃ မှု ရှိခဲ့ပါတယ်။

ဒီလိုမူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိတဲ့ မြို့တွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့က ဖြစ်တာကို တွေ့ရပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးနိုင်ငံအဖြစ် ရှိနေပြီး ရှမ်းပြည်နယ်ဟာ တစ်နိုင်ငံလုံးရဲ့ ၈၈ ရာခိုင်နှုန်းနဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဗဟိုချက်မဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။