မြစ်သားမှာ မြစ်ရေတက်တာကြောင့် လူနှစ်သောင်းကျော် ရေဘေးသင့်နေ
2024.10.03
မန္တလေးတိုင်း မြစ်သားမြို့မှာ ပန်းလောင်မြစ်ရေတက်တာကြောင့် ရပ်ကွက်ကျေးရွာ နှစ်ဆယ်ကျော်က လူနှစ်သောင်းကျော် ရေဘေးသင့်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြစ်သားမြို့နယ်က ရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာ ၁၅ ရွာက အိမ်ခြေ ငါးထောင်နီးပါး (၄,၈၇၂ အိမ်) လူနှစ်သောင်းဝန်းကျင် (၁၉ ,၈၄၅ ဦး) ရေဘေးသင့်ခဲ့ပြီး အဲဒီထဲက အိမ်ခြေ တစ်ထောင်ကျော်က လူလေးထောင်ကျော်ကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်လှစ်ပြီး ရွှေ့ပြောင်းပေးထားတယ်လို့လည်း ဆိုပါတယ်။
ပန်းလောင်မြစ်အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာတာကြောင့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မြစ်သားမြို့နယ်က ပန်းလောင်မြစ်မှာ ရေကြီးရေလျှံခဲ့ပြီး မြစ်ဘေးတစ်လျှောက်က ရွာခိုင်ကြီး၊ အိမ်ရှေ့တောင်၊ ကဆွန်၊ မြစ်ဆုံကြီး၊ ရွှေပေါ်ကျွန်းစတဲ့ ရွာတွေမှာ မြစ်ရေ လေးပေခန့်၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ငါးပေခန့် ရေကြီးနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
မြစ်သားမြို့မှာရှိတဲ့ ကင်းတားဆည်ကနေ အရင်က ရေပိုလွှဲတစ်ခု လွှတ်ရာကနေ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ရေပိုလွှဲရေတံခါး လေးခု ထပ်မံလွှတ်ခဲ့တာကြောင့် ပန်းလောင်မြစ်ကမ်းဘေးတစ်လျှောက်က ရွာတွေ ရွှေ့ပြောင်းကြဖို့ စစ်ကောင်စီက သတိပေးထားပါတယ်။
လက်ရှိမှာ မြစ်သားမြို့အပြင် ပန်းလောင်မြစ်တစ်လျှောက်က ကျောက်ဆည်၊ တံတားဦးနဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဆည်မြို့နယ် ပန်းလောင်မြစ်ဘေးက ရှင်ငယ်ရွာမှာ ငါးပေလောက် ရေတက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ရွာမှာတော့ လေးပေ၊ ငါးပေလောက်အထိ ရေတက်တယ်၊ ခုတက်တာက ပြီးခဲ့တဲ့ ရက်ပိုင်းက ရေတက်တာထပ်တော့ နည်းတယ်၊ လက်ရှိ မိုးများလို့ ဆည်ရေလွှတ်ပေးလို့ ရေတက်တာ၊ အနိမ့်ပိုင်းတွေက လူတွေကတော့ နီးစပ်ရာကို ရွှေ့ပြောင်းနေရတယ်"
ကျောက်ဆည်၊ တံတားဦးနဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ ရွာဘယ်လောက် ရေကြီးနစ်မြုပ်နေတယ်ဆိုတာတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိပါဘူး။
ရာဂီမုန်တိုင်းကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မန္တလေးတိုင်းအတွင်းက ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ကျောက်ဆည်မြို့တွေမှာလည်း ရေဘေးသင့်ခဲ့ပါတယ်။