မန္တလေးက ရွှေ ဆယ်ပိဿာကျော် ဓားပြတိုက်မှု ခြောက်ဦး ဖမ်းမိ
2024.09.15
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ထဲက "ချောင်ချောင်" ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို ဓားပြတိုက်မှုမှာ ကျူးလွန်သူလို့ ယူဆရသူ အမျိုးသားခြောက်ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့ ဖော်ပြပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်မှာ နေထိုင်တဲ့ "ချောင်ချောင်" ရွှေဆိုင်ပိုင်ရှင်ဖြစ်သူဟာ နေအိမ်ကနေ ရွှေထည်နဲ့ ငွေသားတွေကို ကားပေါ်တင်နေစဉ် အမျိုးသားခုနစ်ဦးက သေနတ်တွေနဲ့ ဓားပြတိုက် လုယက်ခဲ့တာပါ။
ဓားပြတိုက် လုယက်ခံရမှုကြောင့် ရွှေဆယ်ပိဿာကျော်နဲ့ ငွေကျပ်သိန်း တစ်ထောင်ခန့် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဓားပြတိုက်မှုမှာ ပါဝင်သူယူဆရတဲ့ ဦးခင်မောင်စိုးကို ချမ်းအေးသာစံမြို့နယ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စုစုပေါင်းခုနစ်ဦးကို ကွင်းဆက်အနေနဲ့ ရှာဖွေခဲ့တာဖြစ်ပြီး ကိုနိုင်မင်းဝေ၊ ကိုကျော်စိုးမင်းထွန်း၊ ဇင်ကိုကိုကျော်၊ ကိုအောင်ဇော်ထွန်းနဲ့ ကိုလှိုင်းထက်အောင်တို့ ငါးဦးလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ကိုချမ်းသာ ဆိုသူတစ်ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ် နှစ်လက်နဲ့ ရွှေထည်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ဖမ်းဆီးရမိသူတွေဟာ စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်သင်တန်းဆင်းတွေလို့ ပြောဆိုမှုတွေ ရှိနေပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မေလ ၃၁ ရက်နေ့လည်းက မန္တလေးမြို့ မန်းမြို့ဈေးအတွင်း ဆယ်သန်းရွှေဆိုင်က ရွှေနှစ်ပိဿာကျော် ဓားပြတိုက် လုယက်ခံခဲ့ရပါတယ်။