မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေကြောင်း MDY-PDF ထုတ်ပြန်

RFA Burmese
2024.10.13
မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေကြောင်း MDY-PDF ထုတ်ပြန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Photo: MDY-PDF

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်တွေ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ MDY-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က မတ္တရာမြို့နယ် အရှေ့ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကိုပြောပါတယ်။

"ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာက မတ္တရာမြို့ အရှေ့ဘက်ခြမ်း ဘုရားတောင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာပါ၊ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်"

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေရှိပြီး အချက်အလက်တွေ ကောက်ယူနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးဘူးလို့လည်း ကိုအော်စမွန်က ပြောပါတယ်။

စစ်ကောင်စီနဲ့ MDY-PDF တပ်ဖွဲ့တို့ အောက်တိုဘာလဆန်းပိုင်းကစပြီး မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာပါ။

PDF အဖွဲ့က သိမ်းယူထားတဲ့ တပ်စခန်းတွေ ပြန်ရဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အပြင်‌ မြေပြင်စစ်ကြောင်းတွေနဲ့လည်း ထိုးစစ်ဆင်နေတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ထိခိုက်မှုရှိကြောင်း ကိုအော်စမွန်က ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာနဲ့ သေဆုံးတာတွေရှိကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။