မန္တလေး မြို့လယ်ကောင်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
2023.10.02

မန္တလေးမြို့ နန်းတော်နဲ့ ကျုံးတောင်ဘက် နေအိမ်တစ်လုံးပေါ်ကို အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက် ၄ နာရီဝန်းကျင်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားမှာရှိတဲ့ စိတ္တရမဟီရပ်ကွက် စော်ဘွားဝန်းအတွင်းက နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲချိန် အဲ့ဒီနေအိမ်မှာ လူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုအနီးက မန္တလေးနန်းတွင်းထဲမှာတော့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဆက်စပ်ဒေသတွေကို လုံခြုံရေးတာဝန်ယူရတဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိနေတာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနက် ၄ နာရီလောက်က အသံကြားလိုက်တာ တော်တော်ကျယ်ကျယ်ပဲ ။ မီးနည်းနည်း လောင်သွားတယ်။ မနက်ကတော့ အဲဒီဘက်မှာ အစစ်အဆေးတွေ လုပ်နေတာ။ တချို့ကျတော့လည်း အိမ်တွေဝင်စစ်မှာ ကြောက်ကြတာနဲ့ ဧည့်စာရင်းတွေ တိုင်နေကြတာ"
မန္တလေးမြို့မှာ စစ်ကောင်စီ တပ်နဲ့ စစ်ကောင်စီ ယန္တရားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ လေးခုကတော့ မန္တလေးမှာ ရွှေပြည်စိုးစစ်ဆင်ရေး ဆောင်ရွက်မယ်လို့ စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဖြစ်စဉ်အနီးမှာရှိတဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ ဒီတိုက်ခိုက်မှုဟာ ဒရုန်းနဲ့ ဗုံးကြဲချတာမဟုတ်ဘဲ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် မေလ ၇ ရက် နံနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းနဲ့ ၁၅ လမ်းထောင့်မှာ ၁၀၇ မမ ရှော့ တိုက်ဒုံးနှစ်လုံးကို အထူးစုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က သွားရောက်ဖြုတ်သိမ်းခဲ့ပါတယ်။