တရားမဝင် ဝင်လာသူတွေကြောင့် ဒေသခံတွေ ထိခိုက်ကြောင်း မဏိပူရ်ဝန်ကြီးချုပ်ပြော

RFA Burmese
2024.04.30
တရားမဝင် ဝင်လာသူတွေကြောင့် ဒေသခံတွေ ထိခိုက်ကြောင်း မဏိပူရ်ဝန်ကြီးချုပ်ပြော အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းအား တွေ့ရစဉ်။
Chief Minister office Manipur Website

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာပြီး အခြေချနေထိုင်သူတွေ များပြားလာတာကြောင့် ပြည်နယ်တွင်းက မြေယာ၊ အလုပ်အကိုင်နဲ့ ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေကို ထိပါးလာနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း (N Biren Singh)က သူ့ရဲ့ လူမှုကွန်ရက် X (ယခင် တွစ်တာ) စာမျက်နှာမှာ ဧပြီလ ၂၉ ရက်နေ့က ရေးသားလိုက်ပါတယ်။

၂ဝဝ၆ ခုနှစ်နောက်ပိုင်းကစပြီး လက်ရှိအချိန်အထိ မြန်မာဘက်က တရားမဝင် ဝင်လာသူတွေကြောင့် မဏိပူရ်ပြည်နယ်မှာ ကျေးရွာအသစ် ၉၉၆ ရွာ ပေါ်ပေါက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီကာလအတွင်းမှာပဲ ပြည်နယ်အတွင်းမှာ သစ်တောဧရိယာ အမြောက်အမြား ပျက်စီးဆုံးရှုံးရပြီး ဘိန်းစိုက်ခင်းတွေလည်း ပေါ်ပေါက်လာတယ်လို့လည်း ရေးသားထားပါတယ်။ ဒီရေးသားချက်နဲ့အတူ မဏိပူရ်ပြည်နယ်အတွင်းမှာ ကူကီးလူမျိုးတွေ အခြေချနေထိုင်မှု တိုးပွားလာတဲ့ အခြေအနေတွေကို ဖော်ပြတဲ့ မြေပုံနဲ့ အချက်အလက်တွေပါဝင်တဲ့ ီဒီယိုဖိုင်ကိုပါ တွဲပြီးတင်ထားတာ ဖြစ်ပါတယ်။

မဏိပူရ်ပြည်နယ်အစိုးရအနေနဲ့ အခုလို တရားမဝင် ဝင်ရောက်လာသူတွေကို မှတ်တမ်းတင်နိုင်ဖို့ ဇီဝအချက်အလက်တွေ ကောက်ခံတာနဲ့ ကျေးရွာတွေကို ဂြိုဟ်တုမြေပုံမှာ မှတ်တမ်းတင်တာတွေ လုပ်နေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကသည်း လို့လည်း ခေါ်ကြတဲ့ Meitei လူမျိုးတွေ အများစုနေထိုင်တဲ့ မဏိပူရ်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က လူနည်းစု ကူကီး လူမျိုးတွေနဲ့ လူမျိုးရေးပဋိပက္ခ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံမှာ ၂ဝ၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဘက်က ဝင်ရောက်လာသူတွေကြောင့် ပြည်နယ်လူဦးရေအချိုးအစား ပြောင်းလဲပြီး Meitei လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒေသခံကူကီးတိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ဝန်ကြီးချုပ် ဘီရန်ဆင်း (N Biren Singh)ရဲ့ ရေးသားချက်တွေဟာ မှားယွင်းကြောင်း တုံ့ပြန်ပြီး၊ ဒါဟာ လူများစု Meitei လူမျိုးတွေရဲ့ထောက်ခံမှုရအောင် ရေးသားတာသာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း အိန္ဒိယ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Deccan Herald သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။