အင်ဖာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြမှု ရပ်နား

RFA Burmese
2024.11.19
အင်ဖာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြမှု ရပ်နား အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။
e-pao.net

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က ရပ်နားလိုက်တယ်လို့ အကျဉ်းသားတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အင်ဖာထောင်က အစာငတ်ဆန္ဒပြသူတွေ ရပ်ဆိုင်းလိုက်ပြီလို့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"သူတို့ရပ်လိုက်ပြီ၊ မနေ့က (နိုင်ဝင်ဘာ ၁၈) ပဲ ရပ်နားလိုက်တာ၊ သူတို့ ဆန္ဒပြတောင်းဆိုမှုတွေကို တာဝန်ရှိတဲ့သူတွေက ဆက်လက်ဆောင်ရွက်ပေးနေတယ်၊ နောက်ပြီး ဆက်လက်တောင့်ခံနိုင်ဖို့ကလည်း အဆင်မပြေတော့တာလည်း ပါတယ်၊ ကျန်းမာရေးအခြေအနေအရ အဆင်မပြေတာရယ်၊ တာဝန်ရှိတဲ့သူတွေကလည်း သူတို့ကြိုးစားပေးနေပါတယ်လို့ ပြောလာတဲ့အခါမှာကြတော့ ရပ်နားသွားတဲ့သဘောလို့ ကျွန်တော်တို့ အကြမ်းဖျင်း သိထားပါတယ်"

ဒီလူတွေဟာ အိန္ဒယနိုင်ငံမှာ ရက်ကန်းလုပ်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဖြစ်ပြီး သူတို့ပြန်လွှတ်ပေးရေးအတွက် နိုဝင်ဘာ ၁၀ နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့လည်း ဆိုပါတယ်။

လက်ရှိ အင်ဖာအကျဥ်းထောင်ထဲမှာ အဖမ်းခံရတဲ့ ရက်ကန်းအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေးရှစ်ဦး စုစုပေါင်း ၅၆ ဦး ရှိတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောထားပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ရက်ကန်းလုပ်နေရင်းနဲ့ အာဏာပိုင်တွေ ဝင်ဖမ်းလို့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရသူတွေ ဖြစ်ပါတယ်။

အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားတဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည်လည်း နှစ်ရာဝန်းကျင်ရှိပြီး သူတို့ကတော့ အိန္ဒိနိုင်ငံထဲမှာပဲ ပြန်လွှတ်ပေးဖို့နဲ့ မီဇိုရမ်ထောင်ကို လွှဲပေးဖို့ တောင်းဆိုထားတယ်လို့လည်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။

ဒီအစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသလို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မြန်မာသံရုံးကို RFA က နိုဝင်ဘာ ၁၀ ရက်နေ့က အီးမေးလ်ပို့ပြီး မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန် ၁၁ ရက်နေ့က စစ်ကောင်စီထံ ပြန်ပို့ခဲ့သလို မေ ၂ ရက်နေ့ကလည်း မြန်မာ ၃၈ ဦးကို အိန္ဒိယဘက်က ပြန်လွှဲပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။