မဏိပူရ်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာတွေထဲက နှစ်ဦး ဆေးရုံတင်ထားရ

RFA Burmese
2024.06.22
မဏိပူရ်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာတွေထဲက နှစ်ဦး ဆေးရုံတင်ထားရ ၂ဝ၂၃ ခုနှစ်က တွေ့မြင်ရသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။
Citizen Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာ ၆၆ ဦးထဲက နှစ်ဦးဟာ ကျန်းမာရေးထိခိုက်လာတာကြောင့် ဆန္ဒပြတာ ခုနစ်ရက်မြောက်နေ့မှာပဲ ဆေးရုံတင်ထားရတယ်လို့ သူတို့ကို အကူအညီပေးနေတဲ့ အိန္ဒိယ- မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) က RFA ကို ပြောပါတယ်။

နှစ်ဦး ဆေးရုံတက်နေရတဲ့အပြင် ကျန်တဲ့သူတွေထဲမှာလည်း ကျန်းမာရေးအားနည်းနေသူတွေ ရှိတယ်လို့ India For Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကိုပြောပါတယ်။

"ဆန္ဒပြပွဲကို ၆၆ ဦးက ဆက်လက်ဆန္ဒပြနေတယ်၊ ဆန္ဒပြနေတဲ့အထဲမှာ သက်ကြီးပိုင်းတွေက ဒီနေ့ဆို ဆန္ဒပြတာ ခုနစ်ရက်မြောက်တောင်ရှိပြီဆိုတော့ တော်တော်လေးမခံတော့လို့ ဖျားနာတာနဲ့ အားနည်းတာကြောင့် ဆေးရုံထိရောက်သွားတယ်လို့ သိထားရတယ်၊ နောက်ဆုံးသိထားတာတော့ နှစ်ယောက်ကတော့ ဆေးရုံရောက်သွားတယ်၊ ကျန်တဲ့ လူတွေလည်း တော်တော်လေးအားနည်းနေတယ်လို့ သိထားရပါတယ်"

အင်ဖာအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံပြီးသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည် ပြန်မပို့ဖို့ အမျိုးသား ၉၉ ဦးက ဇွန်လ ၁၆ ရက်နေ့မှာစပြီး အစာငတ်ခံဆန္ဒပြနေကြတာဖြစ်ပါတယ်။

အဲဒီအထဲက ၃၃ ဦးကတော့ ထောင်အာဏာပိုင်တွေရဲ့ အမြန်ဆုံးပြန်လွှတ်ပေးမယ်ဆိုတဲ့ ကတိကြောင့် လတ်တလောမှာ ဆန္ဒပြတာကို ရပ်နားလိုက်တယ်လို့လည်း ဆိုပါတယ်။ ဒီ ၃၃ ယောက်က အာဏာမသိမ်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ ရက်ကန်းလုပ်ကိုင်နေသူတွေဖြစ်တာကြောင့် စစ်ကောင်စီထံ လွှဲပြောင်းပေးရင်လည်း အန္တရာယ်မရှိနိုင်တာကြောင့် လက်ခံတာလို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

ကျန်တဲ့ ၆၆ ယောက်ကတော့ စစ်တပ်အာဏာသိမ်းပြီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တာကြောင့် သူတို့ကို စစ်ကောင်စီထံ ပြန်မလွှဲပေးဘဲ အိန္ဒိယနိုင်ငံတွင်းမှာပဲ ပြန်လွှတ်ပေးဖို့ ဆက်လက်ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒီလိုအစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

လက်ရှိ မဏိပူရ်အကျဉ်းထောင်မှာ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၅၉ ဦးရှိပြီး အားလုံးဟာ ချမှတ်ထားတဲ့ ငွေဒဏ်နဲ့ ထောင်ဒဏ် စတဲ့ ပြစ်ဒဏ်တွေကျခံထားပြီး လွတ်ရက်စေ့ပေမဲ့ မလွှတ်ပေးဘဲ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစာငတ်ခံဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရဘက်က တစ်စုံတရာလိုက်ပါဆောင်ရွက်အောင် ဝိုင်းဝန်းဖိအားပေးဖို့လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို India For Myanmar က တောင်းဆိုထားပါတယ်။

မဏိပူရ်အကျဉ်းထောင်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ပြစ်ဒဏ်ကျခံပြီးသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပြီး ထောင်အာဏာပိုင်တွေက လိုက်လျောမယ်ဆိုတာကြောင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ ထောင်အာဏာပိုင်တွေဘက်က ကတိကဝတ်တွေကို မလိုက်နာတာကြောင့် ဇွန်လ ၁၆ ရက်နေ့မှာ ထပ်မံအစာငတ်ခံဆန္ဒပြကြတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းမှာ အမျိုးသမီး ၃၈ ဦး၊ ဇွန်လမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ဖမ်းဆီးပြီး မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်တယ်လို့လည်း ဆလိုင်းဒိုခါရ်ကပြောပါတယ်။

အိန္ဒိယနိုင်ငံ အာသံနဲ့ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာပြည် ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့အစည်းလေးဖွဲ့က ဇွန်လ ၁၉ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။