မဏိပူရ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာတချို့ နေရပ်ပြန်ပို့ခံရ

RFA Burmese
2024.03.08
မဏိပူရ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာတချို့ နေရပ်ပြန်ပို့ခံရ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
N.Biren Singh/ Twitter

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသမီးတချို့ကို မတ်လ ၈ ရက်နေ့မှာ နေရပ်ပြန်ပို့လိုက်ပါတယ်။

မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ပထမအသုတ်အနေနဲ့ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားထားပေမဲ့ နေရပ်ပြန်ပို့ခံရတဲ့ လူဦးရေအတိအကျကိုတော့ ဖော်ပြမထားပါဘူး။

India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်ကတော့ မဏိပူရ်ထိန်းသိမ်းရေး စင်တာကနေ မြန်မာအမျိုးသမီး ၁၁ ယောက်ကို ခေါ်ထုတ်သွားတယ်လို့ သတင်းရပေမဲ့ သူတို့နဲ့ အခုထိ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။

“ဒီမနက်ပိုင်း (မတ်လ ၈ရက်) အိန္ဒိယအချိန် မနက် ၇ နာရီလောက်က အမျိုးသမီး ၁၁ ဦးကိုတော့ ထောင်ထဲကနေ ထုတ်သွားတယ်လို့ ကြားရတယ်။ အခုချိန်မှာ နယ်စပ်အထိ ရောက်နိုင်ခြေရှိပြီလားဆိုတာ ကျွန်တော်တို့ အတိအကျ မသိဘူး။ နယ်စပ်ကို ဆက်သွယ်ကြည့်တော့လည်း အခုချိန်ထိ နယ်စပ်လည်း မရောက်သေးဘူး။ သူတို့ကို ဘယ်ကိုခေါ်သွားလဲ၊ ဘယ်ကိုလွှတ်မလဲဆိုတာ ဘာမှမပြောထားဘူး။ အခုပြန်ပို့ခံရတဲ့သူတွေရဲ့ မိသားစုတွေက စစ်ကြောင်းထိုးခံရတဲ့ ဒေသကလူတွေဖြစ်ပြီး သူတို့ ပြေးလွှားနေရတယ်၊ အဲဒါကြောင့် အခု ပြန်ပို့ခံရတဲ့ သူတွေက သေချာတာတစ်ခုက ပြန်စရာမရှိဘူး။ သူတို့ကို သူတို့အစီအစဉ်နဲ့ သူတို့ ပြန်မလွှတ်ဘဲ အဲဒီနေရာ(စစ်ကြောင်းထိုးနေတဲ့နေရာ)တွေဆီ ပြန်ပို့ရင် ဒီလူတွေကို စကစက ပေါ်တာဆွဲပြီး စစ်ကြောင်းနေရာတွေမှာ အသုံးချတာမျိုးတွေ ဖြစ်လာနိုင်တယ်။”

အခုထိန်းသိမ်းရေးစင်တာကနေ ခေါ်ထုတ်ခံသွားရသူ ၁၁ ယောက်ဟာ အိန္ဒိယငွေ ရူပီ ငါးသောင်း(မြန်မာငွေ သိန်းနှစ်ဆယ်)ဆီ ပေးခဲ့ရသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မဏိပူရ်ဝန်ကြီးချုပ်ရဲ့ တွစ်တာလူမှုကွန်ရက်မှာတော့ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့ မြန်မာပြည်ကနေ ထွက်ပြေးလာသူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီရေးသားချက်နဲ့အတူ လုံခြုံရေးကားတစ်စီးပေါ်ကနေ မြန်မာအမျိုးသမီးတချို့ကို လေဆိပ်ဆီ ခေါ်ဆောင်သွားတဲ့ ဗီဒီယိုကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က တင်ထားခဲ့ပါတယ်။

India For Myanmar အဖွဲ့ စာရင်းတွေအရ မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းနီးပါးရှိပြီး တရားမဝင် နေထိုင်လို့ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၇၀ လောက်အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။